Saturday, March 1, 2014

“ဒီက စောင့်နေသူ”

          မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဘ၀မှာ ဘွားအေနဲ့အတူ တရားပွဲတကာ အဖော်လိုက်ခဲ့ရသူမို့ ကလေးဘ၀ကတည်းက ခြေမျက်စိ အသားမာကလေးတက်နေအောင် ကာလေနဓမ္မသာဝနာ မင်္ဂလာတရားတော်နဲ့အညီ ကြီးပြင်းခဲ့ရပါတယ်။ ကြာနီကန်ဆရာတော် တရားခွေများဆိုရင် အိမ်မှာ မနက်မိုးလင်းတိုင်း ဖွင့်နေကျဖြစ်တာကြောင့်
စာကြောင်းလိုက် အပိုဒ်လိုက် နားထဲမှာ အလွတ်စွဲနေတာ ကိုယ်ရေးတဲ့စာ မှန်မှန်ဖတ်သူများ အသိပါပဲ။ ဗီဇမျိုးစေ့ မှန်သလို ရေလောင်းပေါင်းသင် ပျိုးထောင်သူ မိဘဘိုးဘွားပတ်ဝန်းကျင်လည်း မှန်တာကြောင့်  ရတနာသုံးပါးနဲ့ ပတ်သက်လာရင် ယုံမှားသံသယ ကင်းကင်း ကြီးပြင်းလာခဲ့ရတယ်။ အသက်အရွယ်အရ လက်တွေ့ကျင့်သုံး မှတ်သားလာမိတဲ့ လောကအတွေ့အကြုံများကလည်း ဧဟိပဿိကော  ဂုဏ်တော်ကို တသွင်သွင် ပွားများနိုင်ခဲ့တယ်။ သည်အရွယ်ရောက်မှတော့ ဘာသာတရားနဲ့ ပတ်သက်လာရင် သမ္မတကြီးမကလို့ စကြာဝတေးမင်းကြီး ဖြစ်ရစေ့မယ်ဆိုရင်တောင်  ဘူး ကို ဖယုံသီးခိုင်းလို့ မရတော့ဘူး။

           ဒါပေမယ့်လည်း ငါသိတာသာ အမှန်၊ ငါကိုးကွယ်တဲ့ ဘုရား တရားသာ အစစ်လို့တော့ တစ်ခါမှ မပြောမိဘူး။ ဘုရားလေးဆူမှာ ငါတို့တစ်ဆူသာအမှန်၊ ကျန်တာအကုန် တိတ္ထိလို့ တထစ်ချကြီး တွေးလို့မှ မရတာ။ ကျောင်းတုန်းက စာမေးပွဲဖြေသလို “Best of Five Response” အဖြေငါးခုမှာ တစ်ခုသာအမှန်လို ဘယ်သူကမှ ပြောမထားဘူး။ ကိုယ်က မြန်မာပြည် မြန်မာအသိုင်းအ၀ိုင်းမှာ မွေးဖွားကြီးပြင်းလာတာမို့ ကိုယ့်မိရိုးဖလာ ဗုဒ္ဓဘာသာကို အကြွင်းမဲ့ ယုံသလိုပဲ အိန္ဒိယနွယ်ဖွားတစ်ယောက်အနေနဲ့ ဂနက်ရှ်တို့ ဗီသျှနူးတို့ကို ယုံတာ၊ အရှေ့အလယ်ပိုင်းကလူတွေ အလ္လာအရှင်မြတ်ကို ယုံတာလည်းပဲ မှားတယ်လို့ မဆိုနိုင်ဘူး။ ကိုယ်နားလည်တဲ့ ဘာသာရေးဆိုတာ ကိုယ့်ဘုရားသခင်ကိုယ် ယုံယုံကြည်ကြည် သက်ဝင်နေပြီး ကိုယ်စီကိုယ်စီ ဘာသာတရားအဆုံးအမနဲ့ ယဉ်ကျေးလိမ်မာသော လောကအကျိုးကို သယ်ပိုးသူများ ဖြစ်အောင် ကြိုးစားဖို့၊ အခက်အခဲ ဒုက္ခဆင်းရဲတွေ ကြုံတွေ့လာတဲ့အခါ ကိုယ်ယုံကြည်ရာ ဘာသာတရားအလိုက် ဆင်းရဲကင်းသော ချမ်းသာတရားကို ရှာဖွေကျင့်သုံးနိုင်ဖို့ပါ။

         နို့မို့ဆိုရင် မူဆလင်ချင်းတူတာတောင်မှ စွန်နီ နဲ့ ရှီဟတ် မတူဘူး။ ဗုဒ္ဓဘာသာမှာတောင် ထေရ၀ါဒ၊ မဟာယန၊ ဟိနာယနရယ်လို့ ဂိုဏ်းဂဏတွေ ကွဲပြားကုန်တာ အထင်အရှားပဲ။ ငါနဲ့မတူရင် အကုန်သတ်ပစ်ရမယ်ဆိုတဲ့ ဘာသာတရားမျိုးဟာ ကမ္ဘာဦးကတည်းက တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဘာသာတရားကို အကြောင်းပြုပြီး လူတွေအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်စစ်ခင်းလာခဲ့ကြတာကတော့ လူ့သမိုင်းပေါ်ဦးစကတည်းကပဲ။ ပြင်သစ်နိုင်ငံသမိုင်းမှာဆိုရင် ကက်သရင်း ဒယ် မယ်ဒီဆီ ဆိုတဲ့ မိဖုရားကြီးဟာ ခရစ်ယာန်သာသနာပိုင်ဆီက ထောက်ခံမှုရဖို့ သူ့သမီး မားဂေါ့ နဲ့ နာဗားဘုရင် ဟင်နရီတို့ မင်္ဂလာဆောင်တဲ့ည တစ်ညတည်းမှာ ပရိုတက်စတင့်ဘာသာဝင် ခြောက်ထောင်ကျော်ကို ကက်သလစ် မပြောင်းရင် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း သုတ်သင်ပစ်ခဲ့သတဲ့။ သူတို့ခေတ် သူတို့အယူနဲ့ဆိုရင် ဒါကိုလည်း မျိုးစောင့်ဥပဒေ၊ သာသနာစောင့်ဥပဒေ လို့ ခေါ်ကြမှာပဲနော်။

          ကံကြမ္မာ အလှည့်အပြောင်းသင့်လို့ နွားခြေရာခွက်ထဲက ပထမဆုံး အပြင်ကို ထွက်ခွင့်ရတဲ့အခါမတော့ တိုက်တိုက်ဆိုင်ဆိုင် ဘူတန်နိုင်ငံကို ရောက်ခဲ့ရပါတယ်။ ဒီအခါမှာ ဂေါတမဘုရားရှင်ချင်း အတူတူ ကိုယ်တွေနဲ့ အင်မတန်ကွဲပြားခြားနားသော မဟာယန ဗုဒ္ဓဘာသာကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ ဘုရားရှိခိုးတဲ့အခါတောင်မှ သူတို့ရဲ့ ထိခြင်းကြီး ငါးပါးက သုမေဓာရှင်ရသေ့ ဗျာဒိတ်ပန်းဆင်မြန်းသလို မတ်တတ်မှသည် မှောက်လျားထိုးဆီသို့ ရှိခိုးဦးတင်ပါတယ်။ ပေါက်ဖော်ကြီးတွေ ဘုံကျောင်းမှာ အမွှေးတိုင်နဲ့ လက်အုပ်ချီပြီး မတ်တတ်ကြီးဦးတော်လုပ်တာ မြင်ဖူးသလို ဂျပန်တွေ လက်ခုပ်လက်ဝါးတီးပြီး ဦးညွှတ်တာလည်း သည်ဂေါတမဗုဒ္ဓပါပဲ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းသပေါ့နော်။ ကိုးပါးသောဂုဏ်တော်ကို ရည်မှန်းကြည်ညိုတဲ့ အနှစ်သာရကတော့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ လေးပါးသောသစ္စာတရားတော်ချင်းကလည်း လွဲစရာအကြောင်းမရှိလို့ သည်အထိလည်း တူတူပဲ ဖြစ်မှာပေါ့။ သံဃာရတနာများရဲ့ ကျင့်ကြံရာလမ်းစဉ် နဲ့ အသွင်အပြင် သင်္ကန်းအရောင်မှာတော့ မတူကွဲပြားကြပါတယ်။

           ဘာသာရေးအဆုံးအမကို နာခံတဲ့နေရာမှာတော့ ဘူတန်တွေက ကိုယ်တို့ မြန်မာတွေထက် သာတယ်လို့တောင် ပြောရမလိုပါပဲ။ သူတို့တစ်နိုင်ငံလုံးမှာ သားသတ်ရုံ နဲ့ မွေးမြူရေးစခန်း မထားပါဘူး။ ကိုယ်တို့ဆီက သာမညလို သက်သတ်လွတ်မေတ္တာနယ်မြေလို့ သတ်မှတ်မထားပေမယ့် ၀ါတွင်း အခါကြီးရက်ကြီးတွေမှာ သားစိမ်းငါးစိမ်း မစားကြပါဘူး။ ပြည်ပကလည်း မသွင်းတော့ဘူး။ အဲဒီအချိန်အတွင်း အသားကိုမှ စားချင်သပဆို အခြောက်အခြမ်းတွေပဲ ရှိပါမယ်။ ခါတိုင်း “Vege or Non Vege?” လို့ မေးလေ့ရှိတဲ့ Druk Air ပေါ်မှာတောင်မှ “လထူးလမြတ်မို့ သက်သတ်လွတ်သာ သုံးဆောင်တော်မူကြပါ” လို့ မေတ္တာရပ်ခံထားပါတယ်။ အမဲလိုက်၊ ငှက်ပစ်၊ ငါးမြား၊ အကုန်လုံးကို ဥပဒေနဲ့ တားမြစ်ထားသလို အဲ့ဒါတွေလုပ်ရင် အကုသိုလ်အလုပ်ရယ်လို့ လူတိုင်း ရှောင်ကျဉ်ပါတယ်။ ကိုယ်မရောက်ခင်က ရေနစ်သေသွားတဲ့ ဆေးရုံအလုပ်သမားကိုတောင် “သေမှာပေါ့။ သူက ငါးခိုးခိုးမြားတယ်လေ။” လို့ ပြောတာပါ။ မွေးထားတဲ့နွားတွေကို ခိုးမယ့်လူမရှိလို့ တနေကုန်လွှတ်ထားတာကြောင့် ကိုယ့်အိမ်ရှေ့ နွားချေးကြုံးရတာလည်း အခါခါပ။

            ဒါပေမယ့်လည်း သူတို့ဆီမှာ အိမ်မှာ အန္တရာယ်ကင်း ဘုန်းကြီးပင့်ပြီး တရားနာရင် ကိုယ်တော်တွေကို ညနေစောင်းမှာ ဘီယာကပ်ပါတယ်။ အခန်းတစ်ခန်းတည်းမှာ မောင်း၊ ပုလွေ၊ ဗုံတောင် စုံအောင်တီးပြီး မကောင်းသောဘေး မကောင်းသောရန် မကောင်းသောကံကြမ္မာများ လွင့်စင်ပပျောက်ကြောင်း တရားဒေသနာများ ရွတ်ဖတ်သရဇယ်နိုင်ဖို့ ဆွမ်းကွမ်းအဖျော်ယမကာ လိုလေသေးမရှိ လှူဒါန်းပူဇော်ကြတဲ့သဘောပဲ ဖြစ်ပါတယ်။ သူတို့ဆီက စေတီပုထိုးတွေမှာ တရားစာများရေးထွင်းထားတဲ့ ရဟတ်ဘီးလုံးကလေးတွေ တံတိုင်းပတ်ခြာလည်ထားပြီး လာသမျှ ဘုရားဖူးတွေက ရွတ်ကာဆိုကာနဲ့ ခြာခြာလည်အောင် လှည့်ပေးကြပါတယ်။ အဲဒါလေးတွေ လည်နေသရွေ့ ကုသိုလ်တရားတွေ တိုးပွားနေတယ် လို့ ယုံကြည်ပုံပါ။ စိမ့်စမ်းရေ အေးအေး စီးဆင်းတဲ့နေရာတွေမှာလည်း ဒလက်ကလေးနဲ့ အဆက်မပြတ်လည်နေအောင်ထားပြီး အဲဒီကကျလာတဲ့ ရေစင်ကို သောက်ရေသန့်ဗူးထဲက ရေတွေသွန်ပြီး ဖြည့်ယူသောက်သုံးကြပါတယ်။ “Holy Water” လို့ လည်း ရှင်းပြသေးတာ။

             လေတသွင်သွင်တိုက်တဲ့ တောင်စောင်းကလေးတွေမှာတော့ ရောင်စုံ ဓမ္မတံခွန် အလံကလေးတွေ တလူလူ လွင့်နေအောင် တန်းထားပါတယ်။ တရားဒေသနာတွေ လေနဲ့အတူ လွင့်ပါးသယ်ဆောင်သွားရင် အဲသည်အရပ်ဒေသမှာ မကောင်းဆိုးရွားများ မမှီးမတွယ်နိုင်ဘူးပေါ့လေ။ သူတို့ရဲ့ သာသနာပိုင်ဆရာတော်ကိုတော့ ဒလိုင်းလားမားလိုပဲ အကြိမ်ကြိမ်အဖန်ဖန် ပြန်လည်ဝင်စားသူလို့ ယုံကြည်ကြတယ်။ ဘာလို့ဆိုတော့ သူတို့ဆီက ဗုဒ္ဓဘာသာဟာ တိဘက်ပြည်က လာတာမို့ပါ။ အိန္ဒိယစစ်တပ်တွေ တင်းကြပ်စွာချထားပြီး တရုတ်ပြည်ဘက်ကို တံခါးပိတ်ဝါဒကျင့်သုံးတဲ့ ဘူတန်ဟာ ဘာသာရေးအဆုံးအမ အသုံးအဆောင်ပစ္စည်းများ အားလုံးကိုတော့ တရုတ်ပြည် တိဘက်ကုန်းပြင်မြင့်ကနေ တလေးတစား တင်သွင်းပူဇော်ပါတယ်။ ဘူတန်ဗုဒ္ဓဘာသာရဟန်းများရဲ့ အနှစ်သာရကတော့ ကမ္မဌာန်းပိုင်းမှာ ပေါက်ပေါက်ရောက်ရောက် ရှိအောင် အားထုတ်နိုင်ဖို့ပါ။ အရည၀ါသီတောကျောင်းများမှာ ဆွမ်းကွမ်းရိက္ခာ စုံလင်စွာနဲ့ အာနာပါနကမ္မဌာန်းကို ဆည်းဖြန်းကြပါတယ်။ ၀ဇီပိတ်ဓုတင်အကျင့်များလည်း ကျင့်ကြသတဲ့။ ဘူတန်ရဟန်းများဟာ ဆွမ်းခံစရာ မလိုပါဘူး။

             တရုတ်သိုင်းကားထဲကလို ဂူအောင်းပြီး တရားကျင့်တယ်ဆိုတာလည်း သူတို့ဆီမှာ မထူးဆန်းတဲ့ ကျင့်စဉ်တစ်မျိုး ဖြစ်ပါတယ်။ ဘူတန်လေဆိပ်မှာ နိုင်ငံခြားသားတွေ အင်မတန်အ၀ယ်လိုက်တဲ့ ရုပ်ရှင်ကားတစ်ကားရှိပါတယ်။ နံမယ် က “သံသရာ” တဲ့။ ထူးထူးခြားခြား အဲဒီရုပ်ရှင်ကားကို လောက်ကိုင်မှာတုန်းက အင်တာနက်ဆိုင်က ထူးဆန်းထွေလာ အပြာရုပ်ရှင်အနေနဲ့ ကြည့်ခဲ့ရတာပါ။ (မျက်လုံးကြီး ပြူးမသွားနဲ့။ တမလရုံးက ဟိုလူကြီးတောင် ဒါညိုးတွေ ကြိုက်တတ်တယ် မဟုတ်ဘူးလား) ဇာတ်လမ်းရဲ့သဘောကတော့ ဘယ်နှစ်နှစ်တောင် ရှိမှန်းမသိ၊ ဂူထဲမှာပိတ်ပြီး တရားကျင့်နေတဲ့ ရဟန်းတစ်ပါးကို အသက်ရှိသေးပါလား လို့ တွေ့လိုက်ရတဲ့ ယနေ့ခေတ်လူသားများက ပြန်လည်နိုးထစေပြီး ရေကလေးက စတိုက်၊ အစာကလေး ကျင့်ပြီးကျွေး၊ ဘုန်းကြီးကျောင်းကို ပင့်လာပြီး ပြန်လည်ရှင်သန်ထမြောက်စေကြပါတယ်။ တစတစနဲ့ လူသားဆန်လာတဲ့ ယောဂီကလေးဟာ စက္ခုရူပေန သံဝါသာ နဲ့ ကြုံတွေ့တဲ့အခါ မုဒုလက္ခဏရသေ့ကြီး ဈန်လျှောသလို လျှောပါတော့တယ်။ တစ်တက်စားလည်း ကြက်သွန်ဆိုတော့ မထူးတော့ပါဘူး။ နှစ်တက်၊ သုံးတက်၊ နဲ့ မောင်ကြံတစ်တို့ဖြစ်သွားရာက ဘုန်းကြီးလူထွက်များ စွံရင် ကာလသားတွေ လိုက်မမီပဲကိုး လို့ ပြောရမလောက်ပါပဲ။ နောက်ဆုံးမတော့ ဃရာဝါသ လူ့ဘောင်ဘ၀ရဲ့ ဒုက္ခသစ္စာကို ကိုယ်တိုင်တွေ့ရှိ သံဝေဂရသွားပြီး ရဟန်းဘောင်ကို ပြန်ဝင်သွားတဲ့ ဇာတ်လမ်းပါ။

           ကိုယ်ခံစားသိမိလိုက်တဲ့ ရုပ်ရှင်ရဲ့ အံမခန်းထူးခြားချက်ကတော့ ဂူထဲကထွက်လာကာစ ရဟန်းယောဂီကလေး မြစ်ထဲက ရေချိုးပြီးတက်လာတဲ့အခါ ကာမဂုဏ် အညစ်အကြေး မြူမျှမတင်သေးတဲ့ ဖြူစင်ဝင်းပတဲ့ မျက်နှာ၊ သားရယ် သမီးရယ် ရှာဖွေကျွေးမွေးရင်း အိမ်ထောင်ရေး ၀ဲသြဃမှာ ကာမပိုင်အပြင် မှောက်မှားဖောက်ပြန်တတ်လာတဲ့အချိန် အဲဒီမြစ်ထဲက အဲဒီလူပဲ တက်လာတဲ့ မျက်နှာ၊ တရားသံဝေဂတွေရလို့ သံယောဇဉ်တွေပယ်ပြီး ရဟန်းဘောင်ကို ပြန်တက်တော့မယ့်အခါ လွတ်မြောက်ရာလမ်းမှန်ကို ရေမိုးသန့်စင်ပြီး တစ်လှမ်းချင်း တက်လှမ်းအံ့ဆဲဆဲ မျက်နှာ။ လူတစ်ဦးတည်းရဲ့ အဲဒီမျက်နှာသုံးမျိုးကို စကားတစ်ခွန်းမှလည်း မပြော၊ အမူအယာတစ်ခုမှလည်း လုပ်မပြပဲ သိသာကွဲပြားစွာ မျက်နှာထားထားသွားတာ ဘယ်ရုပ်ရှင်ကားထဲမှာမှ မတွေ့ဖူးပါဘူး။ ဒါပေမယ့် အများစုသော ပရိသတ်ကြီးကတော့ 18+ အခန်းတွေကို မျက်နှာမကြည့်ပဲ ခံစားကြလိမ့်မှာ မလွဲပါဘူး။ သူတို့ရိုက်ပြတဲ့ ရှုတတ်ရင် ဘာဝနာကလည်း “လွန် လွန်လွန်းတာပေါ့နော်။ မန်းရွှေစက်တော်” လို့ ဆိုရမလောက်ဗျာ။

          အစက တရုတ်ကားလို့ထင်နေခဲ့တာဟာ ဘူတန်ကိုရောက်တော့မှပဲ အဲ့ဒါ ဘူတန်ကားကြီး ဖြစ်နေမှန်းသိပါတယ်။ ရိုက်တာကတော့ အနောက်တိုင်းက ရိုက်တာပါ။ ဘူတန်မှာ ဘုန်းကြီးတွေ ဂူအောင်းပြီး တရားကျင့်တယ်ဆိုတဲ့ကိစ္စ နံမယ်ကြီးရုံ၊ လူအထင်ကြီးခံချင်ရုံ သက်သက် မဟုတ်ကြောင်း သိနိုင်ပါလိမ့်မယ်။ ကိုယ်တို့ဆီက သာမည၊ မင်းကွန်းဆရာတော်ဘုရားကြီးများလိုပဲ ဘူတန်ဗုဒ္ဓသာသနာ နယ်ပယ်မှာလည်း ရဟန္တာ အမှတ်နဲ့ ကြည်ညိုယိုးစွဲသူ မထေရ်သံဃာကြီးများ ရှိပါတယ်။ ဘူတန်ရဲ့ သာသနာပိုင်ဆရာတော်ကို သူတို့နိုင်ငံသားတွေက “Religious King” လို့ ခေါ်ကြလေရဲ့။ တကယ်လည်း ဘုရင်နဲ့ တစ်တန်းတည်းထားတာ ဘယ်နေရာမှာ သိသာသလဲဆိုရင် ဘူတန်ဖွဲ့စည်းပုံရဲ့ ထွေ/အုပ် ရုံးများဟာ ခံတပ်ပုံသဏ္ဍာန် တည်ဆောက်ထားတဲ့ အဲဒီမြို့နယ်ရဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာထားပြီး ကျောင်းသင်္ခန်းတ၀က် ရုံးခန်းတွေကတ၀က် အတူတူတွဲထားပါတယ်။ ဘုန်းကြီးတွေဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ဘယ်တော့မှ ၀င်စွက်လေ့မရှိပေမယ့် နိုင်ငံတော်အခမ်းအနားတိုင်းဟာ သံဃာပရိသတ်များ ကြွရောက်ချီးမြှောက်ရပါတယ်။

          ဘူတန်လူမျိုးတွေဟာ အားလုံး ဗုဒ္ဓဘာသာဝင်တွေချည့်တော့ မဟုတ်ပါဘူး။ သူတို့အနွယ်တွေမှာ တိဘက်တန်မျိုးနွယ်က ဆင်းသက်လာသူတွေနဲ့ အာရိယန်အနွယ် နီပေါဘက်က ဆင်းသက်လာသူတွေလည်း ရှိပါတယ်။ နီပေါအနွယ်တွေကတော့ ဟိန္နူဘာသာကို ကိုးကွယ်တာပါ။ သူတို့တစ်နိုင်ငံလုံး ဟိန္နူစတာနီဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြပါတယ်။ လူမျိုးခွဲခြားမှု ရှိသလားဆိုတော့ အထိုက်အလျောက်တော့ ရှိပါတယ်။ နေပါလိစ်အနွယ် လို့ သူတို့ခေါ်ကြတဲ့ ဟိန္နူဘာသာဝင်တွေဟာ အလုပ်ပိုကြိုးစားပြီး ပညာတတ်တွေများပါတယ်။ ဒါပေမယ့် ရာထူးတက်ဖို့ရှိလာရင် သတ်မှတ်ထားတဲ့ အဆင့်တစ်ခုမှာ ရပ်သွားပါတယ်။ ထိပ်တန်းအရာရှိကြီးတွေ အထိ မဖြစ်နိုင်ပါဘူး။ ၀န်ကြီး နဲ့ အစိုးရအဖွဲ့ထဲမှာဆိုရင် နေပါလိစ်တွေ မရှိသလောက် ရှားပါတယ်။ သည့်ထက်ထူးခြားတာ ကြားချင်ရင်တော့ ဘူတန်မှာ နှစ်နှစ်နေခဲ့တဲ့ကာလတလျှောက် မူဆလင် နဲ့ ခရစ်ယာန်ကို မူးလို့တောင် ရှူစရာ မတွေ့ခဲ့ပါဘူး။

           ကိုယ်တို့လိုပဲ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါလျက် ဘာမျိုးစောင့်ဥပဒေမှ ထုတ်စရာမလိုပဲ အရောအနှောကင်းစင်နေရတဲ့ အကြောင်းကတော့ ပြတ်သားတင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေပါ။ ဘူတန်နိုင်ငံသားတစ်ယောက်က နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့ တရားဝင် လက်ထပ်ထိမ်းမြားခွင့် ပြုပါတယ်။ ဒါပေမယ့် မွေးလာသမျှ ရင်သွေးတွေကတော့ ဘူတန်နိုင်ငံသား မိဘနှစ်ပါးက မဟုတ်ရင် ဘယ်လိုချွင်းချက်နဲ့မှ နိုင်ငံသားဖြစ်ခွင့် မပေးပါဘူး။ သူတို့နိုင်ငံသားအခွင့်အရေးတွေ မပေးတာကလွဲလို့ ကျန်တာကတော့ ဘာတစ်ခုမှ ခွဲခြားမထားပါ။ ကိုယ်အလုပ်လုပ်ခဲ့တဲ့ မြို့မှာ နှစ်ပတ်တစ်ခါ ဘုရင်မင်းမြတ်ကို ကေသာဆံဖြတ်ပြုပေးရသူ ဆတ္တာသည်မိသားစု ရှိပါတယ်။ သူတို့ အဲဒီနေရာမှာ သစ္စာရှိစွာ နဲ့ ဘုရင့်အမှုတော်ထမ်းနေတာ မျိုးဆက်သုံးဆက်ရှိပါပြီ။ ခုထက်ထိ ဧည့်နိုင်ငံသားဗီဇာ နဲ့ နေနေကြရတာပါ။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ ဥက္ခောင်းတော်ကိုသာ ယုံယုံကြည်ကြည်အပ်နှံပါတယ်။ သူ့နိုင်ငံသား ဖြစ်ခွင့်ကိုတော့ မယုံကြည်လို့ မဟုတ်ပဲ လွှဲအပ်ပေးကောင်းသော အရာမဟုတ်ဘူးလို့ ယုံကြည်ပုံရပါတယ်။ နောက်တစ်ခုကတော့ ကိုယ်တို့လို ၀န်ကြီးဌာနက ကြည်ကြည်ဖြူဖြူ ပင့်ထားတဲ့ နိုင်ငံခြားသား ပညာရှင်များကိုတောင် ဘယ်သောအခါမှ တစ်ဆက်တည်း ငါးနှစ်ထက်ပို၍ အလုပ်ခန့်ထားခြင်း မရှိပါဘူး။ သံယောဇဉ်တွေ ငြိကုန်မှာစိုးလို့ ထင်ပါရဲ့။ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ပြန်ချေဦး လို့ လွှတ်ပြီးတော့ တခြားလူရှာမရမှ ပြန်ခေါ်ပါတယ်။ ဒါက သူတို့လူမျိုးတွေ မျိုးစောင့်ဥပဒေထုတ်စရာမလိုပဲ သူတို့အမျိုးသူတို့စောင့်ကြတဲ့ နည်းလမ်းပါ။

           ဂျပန်ကို ရောက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ ဆန်းစေးဆရာကြီးများနဲ့ ရင်းနှီးချစ်ကြည်စွာ စကားစမြည် ပြောဆိုရင်း သူတို့လူမျိုးတွေရဲ့ ဘာသာတရားအပေါ်သဘောထား၊ ဘာသာခြားအပေါ်သဘောထားများ တီးခေါက်ကြည့်မိပါတယ်။ ဂျပန်တွေဟာ တဖြေးတဖြေး ဘာသာမဲ့တွေနဲ့ ပိုပို တူလာပါသတဲ့။ ဘယ်သူဘာကိုးကွယ်ကိုးကွယ် သိပ်စိတ်မ၀င်စားတော့ဘူး လို့ ဆိုတယ်။ သူတို့ကိုယ်သူတို့တော့ အာရှမှာ သူတို့ထက်သာတာ ဘယ်သူမှ မရှိဘူးလို့ ခံယူထားကြတယ်။ ဟုတ်တယ်ပဲ ထားလိုက်ပါတော့လေ။ လူမျိုးကြီးဝါဒဆိုတဲ့နေရာမှာ အင်္ဂလိပ်ကိုတောင် တူတယ်တန်တယ် မထင်လို့ ဒင်းတို့စကားများ အဖက်လုပ်သင်စရာလားဆို ရှိသမျှ စာအုပ် အကုန် ဂျပန်ဘာသာနဲ့ သင်ပစ်တာ။ သူတို့ကိုယ်တိုင် သင်တန်းပေးတဲ့အခါလည်း အင်္ဂလိပ်လိုတတ်ရဲ့သားနဲ့ တမင် ချေချေကြီး ဂျပန်လိုပြောပြီး စကားပြန်ကို ခေါင်းဆတ်ပြကြတယ်။ ဒါပေမယ့်လည်း ယဉ်ကျေးမှုကျတော့ အမေရိကန်ယဉ်ကျေးမှုကို အကုန်တစ်ခုမကျန် အထင်တကြီး ခိုးချကြရော။ မင်္ဂလာဆောင်ရင် ကီမိုနိုနဲ့ ၀တ်ကျေတန်းကျေ တစ်ပုံရိုက်ပြီးတာနဲ့ ဂါဝန်ကားကားကြီး ပြေးစွပ်တာ။ နယူးယား၊ ဗယ်လင်တိုင်း၊ ဟာလိုဝင်း၊ ကျေးဇူးတော်ချီးမွန်းသောနေ့ အကုန်လုံး လိုက်လုပ်တယ်။ ခရစ်ယန်တော့ မထင်လိုက်နဲ့။ သေတဲ့အခါမှသာ ဂျပန်လို အသုဘချကြသတဲ့။ ဟဲ ဟဲ။ ရန်စငဖြိုး လုပ်လိုက်ဦးမယ်။ ဂျပန်မှာလည်း မူဆလင် မရှိပါဘူးတဲ့ဗျာ။ ဒါပေမယ့် ဧည့်သည်တွေ ကျွေးမွေးတဲ့အခါတိုင်း ဟလ္လာ မီနျူးကတော့ ဘယ်ဆိုင်မှာမဆို ပါပါတယ်။ မူဆလင်ဘာသာဝင်များ ဂျပန်ပြည်မှာ လွတ်လပ်စွာ ၀တ်ပြုနိုင်ပါတယ်။ တက်စရာ ပလီတော့ မတွေ့မိဘူး။ သူတို့ဆီက မြေအောက်ဘူတာရုံမှာ ဆာရင်းဓါတ်ငွေ့နဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီဘာသာဝင်များနဲ့ Secte လို့ခေါ်တဲ့ ထူးဆန်းထွေလာ ဘာသာတရားများကို ပြည်ဝင်ခွင့် တင်းကြပ်စွာ စိစစ်ထားပါသတဲ့။ သူတို့တွေဟာ ဓလေ့ထုံးတမ်းစဉ်လာတွေကိုတော့ တလေးတစား လိုက်နာကြတယ်။ ကိုးကွယ်ယုံကြည်မှုဆိုတာကျတော့ အဲသလောက် လေးလေးနက်နက်ကြီး မဟုတ်လှဘူး။ ဒါပေမယ့် အူကြောင်ကြောင်တော့ လာမလုပ်နဲ့နော်။ ကျုပ်တို့ ဗမာတွေ ပါးရိုက်မယ်ပြောနေတာ လေပဲရှိတာ။ သူတို့လက်ရာတွေ ကိုယ်တွေ့ မြည်းဖူးတဲ့ တို့ဘိုးတို့ဘွားတွေ ကိုယ်မမေ့သည် ဖြစ်နေတုန်း။ စာရွက်ကြီး နဲ့ မျိုးစောင့်ဥပဒေလို့ အော်နေတော့ လူကြားတာပေါ့။ ကိုယ့်ဘာသာကိုယ် ခူးရကား ဘတ်ကဲရိုး နဲ့ ဂျပန်စောင့်စောင့်ပလိုက်တော့ ဘာပြောနိုင်ဦးမှာလဲ။

            သည်ကနေ့တော့ သီရိလင်္ကာမှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ဖူးပါတယ်ဆိုတဲ့ ဖေ့စ်ဘုတ်မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည် ပြောခွင့်ကြုံပါတယ်။ စကားမစပ်သော်လည်း ကိုယ့်စိတ်ထဲမှာ သိချင်နေတဲ့ အချက်တစ်ချက်မို့ စပ်စပ်စုစု မေးမိတာက “သီဟိုဠ်ဘုန်းကြီးတွေ ဘယ်လိုနေသလဲ။ သီဟိုဠ်ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုနေသလဲ။ တခြားဘာသာဝင်တွေအပေါ် သူတို့ ဘယ်လို သဘောထားသလဲ။” လို့ မဝေ့မ၀ိုက်ပဲ ဒဲ့မေးခွန်း ရှုလိုက်ပါတယ်။ အကြောင်းကတော့ ထေရ၀ါဒချင်းလည်း တူတဲ့ သီဟိုဠ်သာသနာဟာ မဇ္ဇိမမှာ ကျေးကုလားများ သတ်ဖြတ်နှိပ်စက်လို့ ထွက်ပြေးရရှာသူ မထေရ်သံဃာများ ဟာနေသော ၀မ်းပိုက်ကို အုတ်ပူကပ်လို့ ရွတ်ဖတ် သရဇယ်ပြီး စောင့်ထိန်းလာခဲ့ရတဲ့ သာသနာ လို့ သိဖူးကြားဖူးတာကြောင့်မို့ပါ။ ဘာသာခြားများက အာဏာစက်နဲ့ လက်နက်အားကိုးလျက် သာသနာတော်ကြီးကို ထိပါးခြိမ်းခြောက်လာခဲ့သည်ရှိသော် ကိုယ်တွေ့စောင့်ထိန်း လွတ်မြောက်လာခဲ့တဲ့ သီဟိုဠ်သံဃာများဆီက မိန့်မှာစကားများ နာကြားအတုယူချင်လို့ပါ။ အဖြေကတော့ သီဟိုဠ်ဆရာတော်များဟာ ၀ိနည်းကို အင်မတန် ဂရုတစိုက် စောင့်ထိန်းကြပါသတဲ့။ သူတို့ဟောပြောတဲ့ တရားဒေသနာများဟာလည်း ယဉ်ကျေးလိမ်မာဖွယ် အဆုံးအမများနှင့်သာ ထုံမွှန်းပါသတဲ့။ သီဟိုဠ်က တကာ တကာမများဟာလည်း ဆရာတော် သံဃာတော်များရဲ့ အဆုံးအမအောက်မှာ သီလကို မဏ္ဍိုင်ပြုပြီး စောင့်ထိန်းပါသတဲ့။ ဘာသာခြားတွေနဲ့ ပတ်သက်လို့တော့ တရားဝင်ထုတ်ပြန်မထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တကာတကာမများ လိမ်မာသလို ကပ္ပိကြတယ် လို့ ဆိုပါတယ်။ သူတို့ဆီကလည်း တမီလ်တွေ သိန်းနဲ့ချီပြီး ကနေဒါရောက်သွားသေးတာကိုး။ ကိုယ်တိုင် မရောက်ဖူးလို့ သည့်ထက်ပိုပြီး တိတိကျကျ မပြောနိုင်ပါဘူး။ သူပြောတဲ့ စကားလုံးအတိုင်း အပိုအလိုမရှိ ပြန်ပြောပြရရင်တော့ အဲဒီမှာမှ တကယ့် ဗုဒ္ဓဘာသာအစစ်ကို တွေ့ရသည့်အလား ခံစားရပါသတဲ့။ သည်လိုပြောတာ ကိုယ့်ဆီကဟာ အတုလို့ ကောက်ချက်မဆွဲရဘူးနော်။ ကဲ လာ လိုက်ကြည့်။ ကိုယ့်ဆီမှာ ဘာတွေ ဖြစ်နေသလဲ။

           ကိုယ်တို့ဆီမှာ နံမယ်အကြီးဆုံး သံဃာဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းမျက်နှာဖုံးမှာ ကြောက်ဖွယ့်ဘုန်းတန်း
ခေါင်းစဉ်တပ်ပြီး ပါလာခဲ့ပါတယ်။ အင်တာဗျူးသွားသူ အချွန်နဲ့ မသွားတာ လို့ ပြောရခက်တာက ကိုယ်တော်မိန့်ကြား မြတ်တရားများက “ဒင်းတို့ကို စားစရာ မရှိအောင် လုပ်ပစ်မယ်။ နေစရာ မရှိအောင် လုပ်ပစ်မယ်။” ဆိုတဲ့ Hate Speech တွေနဲ့ မုန်းစကားဆိုနေတာဖြစ်ပြီး အဲ့ဒါကြီးကို နိုင်ငံနဲ့အ၀ှမ်း သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုနေကြတာ ဖြစ်ပါတယ်။ မယုံရင် နောက် ၂ ရက်လောက်နေမှ အောက်ကကွန်မန့်တွေ လာဖတ်ကြည့်လိုက်ပါလေ။ ကုလားဖအေခေါ်တဲ့ကောင်ဆိုပြီး မအေနှမကိုင်တုပ်ထားတဲ့သူတွေမပါရင် ပြောချင်တိုင်းပြော။ အဲ့ဒါ လက်ရှိ ဗမာ့ဦးနှောက် ရေမရောပါဘူး။

            တကယ်တော့ ဘင်္ဂါလီအရေး နဲ့ မူဆလင်အရေးဟာ ကိုယ့်ဆီကလူတွေ အ လွန်လွန်းလို့ အခုလို ရောရောချခံနေရတာပါ။ ဘင်္ဂလားကလူတွေက မြန်မာပြည်ထဲ ကျူးကြော်နေတာ ကိုယ့်ဆီမှာ မြေကြီးက ရွှေသီးနေလို့ မဟုတ်ဘူးလို့ ပြောခဲ့ပြီးသား။ သည်ကနေမှ အနောက်နိုင်ငံတို့ မလေးရှားတို့ ပြေးချင်တဲ့အခါ သူတို့အတွက် ဒုက္ခသည်အဖြစ် ပြေးဖို့ခိုဖို့ ပုံပြင်လိုပါတယ်။ သူတို့ကို လှူတန်းပေးကမ်း လက်ခံဖို့ မူဆလင်ညီနောင်များကို လူမဆန်စွာ ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်နေသော မိစ္ဆာလူကြမ်းကြီးတွေလည်း လိုပါတယ်။ ကမ္ဘာကျော်ဖြစ်ပြီဆိုပြီး ပီတိတွေဖြာနေလိုက်တာ။ ကိုယ့်သာသနာပုံရိပ် ဘယ်ရောက်လို့ ရောက်နေမှန်းတောင် သတိမရ။ မယ်ဖျားဆီသွားပြီး “သမ္မတ မလုပ်ချင်ပါနဲ့။ သမ္မတအထက်က ခေါင်မိုးတက်ဖာပါ။” ဆိုတာက ပါသေး။ အဲ့ဒါကြီးကို လူတကာကထောက်ပြီး “မင်းတို့ဗုဒ္ဓဘာသာတွေ သည်လိုပဲလား” လို့ အမေးခံရသည်ရှိသော် “အဲဒီဆရာတော်ဟာ ရဟန်းသံဃာ အစစ်တော့ မှန်ပါတယ်။ ဒါပေမယ့် သူ့အပြုအမူ အပြောအဆိုတွေဟာ သံဃိကအမှု သံဃာထုကို ကိုယ်စားပြုလိမ့်မယ်လို့တော့ နှမ်းစေ့တစ်စေ့မျှတောင် မယုံကြည်ပါဘူး” လို့ ပြောစရာ ရှိပါတယ်။

            ကိုယ့်ဆီက သံဃာ နဲ့ ကိုယ့်ဆီက သာသနာ ဘာတွေ ဖြစ်နေသလဲ လို့ သိချင်ရင် မယ်မယ်ဖျား လွှတ်တော်ထဲမ၀င်ခင်က အချိန်ကို နောက်ကြောင်းပြန်ကြည့်လိုက်ပါလေ။ ဘာမှမရှိဘူး မဟုတ်လား။ ဘာမှမရှိဆို ဘိမှမရှာပဲကိုး။ ခုချိန်ကျမှ ဘိုးတော်ဘတော်တွေက သူတို့ဘိပျောက်မှာစိုးလို့ ဘဂ၀ါသိုင်းကွက်နင်းတယ်လို့ ဆိုရင် မပြေးသော် ကန်ရာရှိနေပြီ။ ဟိုဘုန်းဘုန်းဆီ တကူးတက သွားဖူးတာလည်း သူတို့ပဲ။ ကိုယ့်လို အနုတ်စုတ်ဂုတ်စုတ်ကောင်ကိုတောင် ကုလားမနိုင်မသားဘွဲ့ပေးဆဲဆိုနေမှတော့ ဟိုကိုဆို ဘာပြောကောင်းမတုန်း မိုးကိုမွှန်နေအောင် ဖွကြတာပေါ့။ သားတွေ ဘာသာပြောင်းကုန်ပြီဆိုတာတောင် ပါသေး။ မြင်သမျှ ကြားသမျှ အရာအားလုံးဟာ အမျိုးစောင့်နေတယ်လို့ လုံးဝ မထင်ရပဲ အပုတ်ချတိုက်စစ်ဆင်ဖို့ ရမယ်ရှာနေတယ်လို့ချည့် သိသာထင်ရှားနေတယ်။

           ဒါဖြင့်ရင် အဲသည်တရားတော်များကို လက်ခံယုံကြည်သူ မရှိဘူးလို့ ထင်နေသလား လို့ မေးစရာ ရှိပါတယ်။ မမေးပါနဲ့။ မထင်ပါဘူး။ ယုံလိုက်ကြသမှ ၀က်ဝက်ကွဲကို ယုံတာ။ အဲဒါလည်း ဗမာဦးနှောက်စစ်စစ် ရေမရောဘူး။ “ရင်ရွှေ အမေကိုစော်ကားလို့ မြေမြိုသတဲ့။” ဆိုတဲ့ ဒေါ်မြလေးသရဲကားရိုက်တုန်းက လောက်တောင် မပိရိတဲ့ ကင်မရာလှည့်စားမှုတွေကို တကယ့်ဖြစ်ရပ်မှန်၊ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကြီးဆိုပြီး အုတ်အော်သောင်းနင်း အလုအယက် ကြည့်ကြတယ်။ လူပြုစားလို့ အပင်းထုတ်ပြီး ကျောက်ခဲတွေအန်ပြတဲ့ကားဆို ရုပ်ရှင်အစည်းအရုံးတစ်ခုလုံး ရှိသမျှ မင်းသားမင်းသမီးတွေ ပါတဲ့ကားထက် ပေါက်တယ်။ အဲ့လိုလူတွေကို “နင်တို့ဆရာတော်ကို ကုလားတွေ သတ်သွားပြီ။ နင်တို့သတ္တိမရှိဘူးလား။ ဘာသာခြားတွေ စော်ကားတာ ခံနေသလား။” ဆိုရင် သုံးခွန်းက လေးခွန်းကူးအောင် မပြောရဘူး။ စွေ့ကနဲ ပါသွားရော။ မပါ ခံနိုင်မလား။ ကိစ္စပြီးလို့ ရဲတွေလာရင် တုတ်တွေဓါးတွေနဲ့ ဆော်သြတူးဆွပေးသူကြီးများက “ယောက်ဖရေ နေကောင်းလား” လို့ လက်ပြနှုတ်ဆက်ပြီး ပြန်သွားတာ။ အဲ့လိုမျိုး နောက်ကြောင်းအေးအေး ဆွမ်းကြီးလောင်းဖို့ကတော့ ဗမာ့သတ္တိ ကမ္ဘာကသိပါတယ်။

             ဒီလိုဆိုရင် ကိုယ်တို့ဆီက အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေတဲ့ပုံဟာ ပြင်သစ်က စိန့်ဘာသေလိုမီပွဲတော်မှာ ကက်သရင်း ဒမယ်ဒီဆီကြီး သာသနာကို စောင့်ရှောက်နေတဲ့ပုံနဲ့ တူတာလား။ ကိုယ်လိုပဲ သူများဗုဒ္ဓဘာသာနိုင်ငံတွေမှာ စောင့်ရှောက်နေတဲ့ ပုံစံနဲ့ ဘာတွေကွာသလဲ။ ထင်ထင်ရှားရှား တွေ့လာလိမ့်မယ် လို့ ထင်ပါတယ်။ တကယ်တမ်း သံဃာတွေကို ကာကွယ်ချင်တယ်ဆိုရင် (သတ်တုန်းဖမ်းတုန်းကလည်း သူတို့ပဲ သတ်ခဲ့ဖမ်းခဲ့ကြတာပါ)၊ တကယ်တမ်း သာသနာကို စောင့်ရှောက်ချင်တယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာ နေရာမလပ် တရားဥပဒေစိုးမိုးအောင်သာ လုပ်ပေးပါ။ ကျန်တာကိုယ်တို့ဆရာတွေ တကာတွေ တာဝန်ထား။ ဘုရားသားတော်အနေနဲ့ တည့်မတ်စောင့်ထိန်း ကာကွယ်ပေးနိုင်တာ တကာတကာမများရဲ့ ခိုင်မြဲသောယုံကြည်မှု သဒ္ဓါတရားသာ ဖြစ်ပါတယ်။ အဲဒါက ဦးနှောက် နဲ့ နှလုံးသားမှာသာ ရှိပါလိမ့်မယ်။ ဆရာတော်ဘုရားများ မျိုးပွားအင်္ဂါကို စောင့်ရှောက်ရန် တာဝန်မရှိပါ။ သူ့ဘုရားရော ကိုယ့်ဘုရားရော အဲသည်နေရာက သက်ဝင်ယုံကြည်သွားစရာ မရှိပါ။ ၀ိသာခါကျောင်းအမကြီးကို မိစ္ဆာဒိဋ္ဌိနဲ့ အိမ်ထောင်ပြုခဲ့သူမို့ ဘုရားရှင်က ကဲ့ရဲ့တော် မမူပါဘူး။ ကြက်ဥ နဲ့ ကြက်မ အစရှာမရအောင် လုံးလည်ချာလည်လိုက်နေတဲ့အဖြစ်ကို ပြတ်ပြတ်သားသား ဖြေဆိုပေးသွားတဲ့ ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ရဲ့ မှတ်ချက်ကို ကိုးကားချင်ပါတယ်။ “ဘာမှ စဉ်းစားစရာ မလိုဘူး။ ကြက်မက စတာတဲ့။ ဘုရားသခင်ဆိုတာ မျိုးဥကို ဖန်ဆင်းတော်မူရိုးမရှိတဲ့။” “Definitely, the hen. God create Creatures. Not egg.” လို့ မူရင်းအတိုင်း ဖောက်သည်ချပါတယ်။ ရှင်ဖျားတို့လည်း တကာမကြီးကိုသာ ကာကွယ်ပါလေ။ သူကပေါက်တဲ့ဥ ကိုယ်တော့်တာဝန် မရှိပါဘူး။ ဒါပါပဲဖျာ့။ ဂလောက်။


No comments:

Post a Comment