Wednesday, January 9, 2013
အလှဆုံးမှ ဘ၀တုံးရသည့် ပုံပြင်တစ်ပုဒ်
January 1, 2013 ရက် ၊ 2:43 တွင် ချမ်းငြိမ်း ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ဟိုး....... ရှေးရှေးတုန်းကပေါ့။ ငှက်တွေရဲ့ ဘုရင်ကြီးဖြစ်တဲ့ နတ်ငှက်ဟာ ငှက်တွေ ကျင်လည်ကျက်စားတဲ့ တောတောင် အနှံ့မှာ ကြေညာချက်တစ်ခုကို ထုတ်ပြန်ပါသတဲ့ ခင်ဗျာ။
" ဒီနှစ် နွေဦးရောက်ရင် ငှက်အလှပြိုင်ပွဲတစ်ခုကို ကြီးကြီးကျယ်ကျယ် ကျင်းပပေးမယ်။
အလှဆုံးငှက်ကို ငှက်တကာအလှဆုံးဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်တော်မူမယ် "
အဲဒီ သတင်းလည်းကြားရော ရှိရှိသမျှ ငှက်တွေဟာ သူတို့ရဲ့ အမွှေး ၊ အတောင်တွေကို အလှပဆုံးဖြစ်အောင် ပြင်ဆင်နေကြတာ တစ်တောလုံး ပွက်လောရိုက် ဆူညံနေပါသတဲ့။
ပြိုင်ပွဲကျင်းပမယ့် နွေဦးရာသီကိုရောက်တော့ အနယ်နယ် အရပ်ရပ်က ငှက်တွေ စုဝေးပြီး ရောက်ရှိလာကြပါတယ်။ ပိုးသား ကတ္တီပါလို နက်ပြောင်ချောမွေ့နေတဲ့ အမွှေးအတောင်တွေနဲ့ ကိုကျီးကန်း ၊ နှင်းပွင့်လိုဖွေးဖွေးဖြူနေတဲ့ တောင်ပံနဲ့ လှပနေတဲ့ မစင်ရော် ၊ ရွှေရောင်အဆင်းနဲ့ လှပနေတဲ့ စာဘုန်းကြီး ၊ မျက်စိကျိန်းမတက် ရောင်စဉ်တွေ ဖြာသန်းနေတဲ့ ကိုဒေါင်း ၊ သူတို့အားလုံးဟာ ပြိုင်ပွဲဝင်ဖို့ တက်တက်ကြွကြွနဲ့ ရောက်လာကြပါတယ်။
ငှက်ဘုရင်ကြီးက ဘယ်ငှက် အလှဆုံးလဲလို့ အပြန်ပြန်အလှန်လှန် သုံးသပ်တယ်။ အတိုင်ပင်ခံငှက် မူးမတ်တို့နဲ့ အကဲဖြတ်စေတယ်။ နောက်ဆုံးမှာတော့ ငှက်တကာတို့ရဲ့ အလှဆုံးလို့ ကမ္ဗည်းရေးထိုးထားတဲ့ ရွှေတံဆိပ်ဆုကြီးကို ကိုဒေါင်းရဲ့လည်ပင်းမှာ ချိတ်ဆွဲပေးလိုက်ပါတယ်။
ငှက်တွေအားလုံးကလည်း ကန့်ကွက်သူမရှိ တောင်ပံတွေခတ်ပြီး လက်ခုပ်တီးကာ သြဘာပေးကြပါသတဲ့။ ဒီလိုနဲ့ ပြိုင်ပွဲကြီးပြီးလို့ ရွှေတံဆိပ်ဆုရှင် ကိုဒေါင်းလည်း ပြန်တော့မယ်ပြင်တော့ အခြားငှက်တွေက သူ့အနားကို ၀ိုင်းအုံလာကြပါသတဲ့။
" ခင်ဗျားရဲ့ တောင်ပံတွေက တကယ်ပဲလှပါတယ်။ ကျွန်တော့်ညီမတွေပြဖို့ တောင်ပံတွေ နည်းနည်းလောက်
ပေးလိုက်ပါလားဗျာ "
စာကလေးငှက် တစ်ကောင်က အဲဒီလိုပြောပြီး တောင်ပံတစ်ခု ဆွဲနှုတ်ပြီး ထွက်သွားပါသတဲ့။
" အလှဆုံးငှက်ဘွဲ့ ရသင့်ပါပေတယ်ဗျာ။ ခင်ဗျားရဲ့တောင်ပံတွေဟာ ဆိုဖွယ်ရာမရှိအောင် လှပါပေတယ်။
ကျုပ်အိမ်သားတွေ ရင်သပ်ရှု့မောရအောင်လို့ နည်းနည်းလောက် နှုတ်သွားပါရစေ "
မိုးစွေငှက်လေးတစ်ကောင်က ပြောပြောဆိုဆို အတောင်တချို့ကို ဆွဲနှုတ်သွားပြန်ပါတယ်။ သစ်တောက်ငှက် ၊ ကျီးကန်း ၊ ပျံလွှားတို့ကလည်း ချီးမွှန်းစကား အသီးသီးပြောပြီး အမှတ်တရ အနေနဲ့ အမွှေးအတောင် တချို့ကို တောင်းယူသွားကြပြန်ပါတယ်။
ဒီလိုနဲ့ပဲ ဟိုငှက်ကလာလိုက် တစ်ချောင်း နှစ်ချောင်း ၊ ဒီငှက်ကလာလိုက် တစ်ချောင်းနှစ်ချောင်းနဲ့ နောက်ဆုံးမှာတော့ ကိုဒေါင်းခမျာမှာ အတောင်ပံလေး တစ်ချောင်းနဲ့ ကျိုးတို့ကျဲတဲ ကျန်ခဲ့ပါလေရော။
ဆောင်းရာသီရောက်လာတော့ အမွှေးအတောင် မစုံလင်တဲ့ ကိုဒေါင်းဟာ သစ်ပင်ခြေရင်းမှာ ခိုပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေရှာပါတယ်။ အမွှေးအတောင်တွေ ပြန်ရှည်လာဖို့က တော်တော်ကြာကြာ စောင့်ရဦးမှာဆိုတော့ ဆောင်းရာသီတစ်ခုလုံး အအေးဒဏ်ကို ကြိတ်မှိတ်ခံနေရရှာတာပေါ့ဗျာ။
ကိုဒေါင်း အဲဒီလိုဖြစ်နေတာမြင်တော့ ငှက်ဘုရင်ကြီးက တအံ့တသြနဲ့ မေးလိုက်ပါတယ်။
" ဟာ..... ငှက်တကာတို့ရဲ့ အလှဆုံးသောငှက်ဘွဲ့ရထားတဲ့မောင်မင်းက ဘယ့်နှယ်ကြောင့် အမွှေးရိပ်ထားတဲ့
ကြက်ဖလို ဖြစ်နေရတာလဲ "
အဲဒီတော့ ကိုဒေါင်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းညူပြီး ပြန်ပြောလိုက်ပါတယ်။
" မှန်လှပါ..... အလှဆုံးဖြစ်မှ ဘ၀တုံးရခြင်းဟာ အလှကြိုက်သူ ငှက်တွေကြောင့်ပါ ဘုရား " လို့.....။
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6159497&xgs=1&xg_source=msg_share_post
မှ ကူးယူဖေါ်ပြပါသည်။
Labels:
Tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment