တစ်ခါတုန်းက လူတွေရဲ့  သက်တမ်းဟာ အနှစ်သုံးဆယ်လောက်ပဲ ရှိတယ်။ ဒီတော့ လူက တန်ခိုးရှင်ဆီ သွားပြီး ပညာတွေ သင်ချင်ပါသေးတယ်၊ သက်တမ်းတိုးပေးပါ လို့ တောင်းခံတယ် ။
သူ အဲဒီလို တောင်းခံနေတဲ့ အချိန်မှာ တန်ခိုးရှင်ရဲ့ ဘေးမှာ နွား၊ခွေး၊ မျောက် ဆိုတဲ့ တိရစ္ဆာန် သုံးကောင် ရှိနေတယ်။
လူက တန်ခိုးရှင်ဆီမှာ အဲဒီလို သက်တမ်းတိုးတောင်းတာကို အဲဒီတိရစ္ဆာန်
သုံးကောင် လည်းကြားတယ်။
ဒီတွင် နွားကြီးကပြောတယ် "ကျုပ်ဆီက သက်တမ်းကို ခွဲဝေယူပါ " ပေါ့ ။ တကယ်တော့ နွားကြီးမှာလည်း လယ်ယာလုပ်ငန်းတွေမှာ ရုန်းရကန်ရ ဝန်စည်စလွယ်
တွေကို သယ်ရပိုးရ နဲ့  ဆိုတော့ ပင်ပန်းလွန်းလို့  အသက်တိုတို နဲ့ ပဲ နေချင်လို့  သူရဲ့  သက်တမ်းကို ခွဲဝေပေးလိုက်တာပဲ။
ခွေးကလည်း သူ့ မှာလည်း အိမ်စောင့်ရ ယာစောင့်ရ တာ ပင်ပန်းလွန်းလို့  ကြာကြာမနေချင်တာနဲ့  ကျုပ်သက်တမ်းကိုလဲ ခွဲဝေယူပါ ဆိုပြီး လူကို ခွဲပေးလိုက်တယ်။
မျောက်ကလည်း ဟိုခုန်သည်ကူးနဲ့  ငြိမ်ငြိမ်မနေနိုင်တဲ့  သူ့ ဘဝကို ငြီးငွေ့ လွန်းလို့  ကျုပ် သက်တမ်းကိုလဲ ခွဲယူပါ ဆိုပြီး ပေးလိုက်တယ်။
တန်ခိုးရှင်ကလည်း လူကို ပေးလာတဲ့ သက်တမ်းတွေနဲ့  ပြည့်စုံသူဖြစ်စေ ဆိုပြီး ဆုပေးလိုက်တယ်။အဲဒီလိုနဲ့  လူဟာ နွားခွေးမျောက် ဆီက ရတဲ့ သက်တမ်းတွေနဲ့ 
ပေါင်းပြီး လူ့ သက်တမ်းဟာ တစ်ရာနီးပါး ဖြစ်သွားတယ်။လူက တော့ အသက်ရှည်ရှည်နေရတော့မှာဆိုပြီး ဝမ်းသာနေတာပေါ့။
လူဟာ သင်ချင်တဲ့ ပညာတွေ အသိတွေကို နှစ်ပေါင်းသုံးဆယ်လောက် သင်ကြားပြီးတဲ့ အခါမှာ သူရဲ့  မူလသက်တမ်း အနှစ်သုံးဆယ်ဟာ ကုန်သွားတယ်။
ဒီလို ပညာတွေ အသိတွေ စုံသွားပြီး တဲ့ အချိန်မှာ လူဟာ အိမ်ထောင်ကျပြီး သားတွေ သမီးတွေနဲ့  ဖြစ်လာတယ်။ အိမ်ထောင်သည်ဘဝ ရောက်တဲ့ အချိန်ဟာ
နွားဆီက ခွဲဝေယူထားတဲ့ သက်တမ်းဆိုတော့ ဇနီးမယားနဲ့  သမီးသားတွေရဲ့  စားဝတ်နေရေးအတွက် နွားကြီးလို အလုပ်လုပ်ရတော့တာပဲ။ အိမ်ထောင့်တာဝန်တွေကို ရုန်းရကန်ရ တာပေါ့။
အဲဒီလိုနဲ့  အသက်ခြောက်ဆယ် ကျော်လာတော့ သားတွေ သမီးတွေက နေ မြေးတွေ မြစ်တွေ အထိကို ပွားစီးလာတယ်။ အသက်ခြောက်ဆယ်ကျော် ဆိုတော့ ခွေးဆီက ခွဲယူထားတဲ့
သက်တမ်းရောက်လာတယ်။အိမ်တွေခြံတွေ စောင့်ရှောက်ရ မြေးတွေ မြစ်တွေကို ထိန်းကျောင်းကြည့်ရှုရ
အမြင်မတော်တာတွေ့ ရင် အော်ဟစ် ဆူပူ ရနဲ့  ခွေးကြီးလို ဖြစ်နေပါရော။
ဒါနဲ့ ပဲ ခွေးသက်တမ်းကုန်လို့  အသက်ရှစ်ဆယ် ကျော်လာတော့ မျောက်ဆီက ခွဲယူထားတဲ့ သက်တမ်း ကို ရောက်လာတယ်။ အသက်က လည်း ကြီးလာတော့
ဦးနှောက်မှတ်ဥာဏ်တွေက ငယ်တုန်းကလို မဟုတ်တော့ဘူး။ ပျက်စီးယိုယွင်းလာတယ်။ သူငယ်ပြန်ချင်သလို ဖြစ်လာတယ်။စိတ်ကလည်း ငြိမ်သက်မှု မရှိတော့ဘူး။
စိတ်ကူးတစ်ခုပေါ်လို့ မှ မပြီးသေးဘူး နောက်စိတ်ကူး တစ်မျိုးက ပေါ်နဲ့  ဟိုခုန်လိုက် သည်ခုန်လိုက် နဲ့  အငြိမ်မရှိတဲ့ မျောက်ရဲ့  စိတ်မျိုး နဲ့  လူ့ ဘဝကို အဆုံးသတ်လိုက်ရတယ်။
ဆရာနန္ဒာသိန်းဇံရဲ့  မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ ဆိုတဲ့ စာအုပ်ထဲက အကြောင်းအရာတချို့  ကို ပြန်လည်ဖောက်သည်ချတာပါ။
လူဆိုတာ မျောက်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အယူအဆထက် လူကနေ မျောက်ဖြစ်သွား တဲ့ တိရစ္ဆာန်ဖြစ်သွားတဲ့ အယူအဆက ပို ခိုင်မာသယောင်ပါပဲ။
ကောင်းတယ်ဗျာဥပမာပေးစာသားလေးကူးယူခွင့်ပြုပါ
ReplyDeleteမူရင်းမပျက်ပြန်မျှဝေပါ့မယ်