Friday, October 9, 2026
အမေရိကန် စစ်သည် ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ၏ သေဒဏ်စီရင်မှုကို တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပန်တဂွန်ဆို
9 Oct 2026 By PBS News
၂၀၀၉ ခုနှစ်က ဖော့တ်ဟူးဒ် (Fort Hood) စစ်စခန်းအတွင်း လူ ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တပ်မတော် စိတ်ကျန်းမာရေး ဆရာဝန်ဟောင်း နီဒါးလ် မားလစ်ခ် ဟာဆန် (Nidal Malik Hasan) အား သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်မည့် ဖြစ်စဉ်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့် (Livestream) သွားမည်ဖြစ်ကြောင်း ပန်တဂွန် စစ်ဌာနချုပ်က အောက်တိုဘာ ၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဂ်ဆက်သ် (Pete Hegseth) က အဆိုပါ သေဒဏ်ပေးမှုကို အများပြည်သူ ရှေ့မှောက်တွင် ပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပန်တဂွန်ဘက်က ယခုကဲ့သို့ အသေးစိတ် ထပ်မံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှနေ၍ Real America's Voice News သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ် က ဟာဆန်၏ ကွပ်မျက်မှုကို လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖော့တ်ဟူးဒ် စစ်စခန်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟာဆန်ဘက်က အယူခံဝင်ခြင်း သို့မဟုတ် ထရမ့် အစိုးရအဖွဲ့ထံ နောက်ဆုံး မေတ္တာရပ်ခံ တောင်းဆိုထားခြင်း ရှိပါသလားဟု မေးမြန်းရာတွင် ဟက်ဂ်ဆက်သ် က "စိတ်မဝင်စားပါဘူး။ ဒီဇင်ဘာ ၃ ရက်ကျရင် တွေ့ကြတာပေါ့" ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဟာဆန်၏ သေဒဏ်စီရင်မှုကို အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူရှောင် ပါနဲလ် (Sean Parnell) က အစောပိုင်းတွင် အတည်ပြုထားသည်။
အမေရိကန် စစ်တပ်အနေဖြင့် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ စစ်သည်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ် သေဒဏ်ပေးခဲ့ခြင်း မရှိတော့ပေ။
အမေရိကန် စစ်တပ်၏ နောက်ဆုံး သေဒဏ်စီရင်မှုမှာ ၁၉၆၁ ခုနှစ် ဧပြီ ၁၃ ရက်က ကြိုးပေးကွပ်မျက်ခဲ့သည့် တပ်သား ဂျွန် ဘမ်းနက်သ် (John Bennett) ဖြစ်သဖြင့် ယခု သေဒဏ်စီရင်မှုသည် နှစ်ပေါင်း ၆၅ နှစ်အတွင်း ပထမဆုံး စစ်တပ် သေဒဏ်စီရင်မှု ဖြစ်လာမည် ဖြစ်သည်။
သို့သော်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများကမူ ဟာဆန်အနေဖြင့် ၎င်း၏ သေဒဏ်စီရင်မှုကို ရပ်ဆိုင်းပေးရန် အရပ်ဘက် တရားရုံးများတွင် အသနားခံ လျှောက်ထား၍ တရားရင်ဆိုင်နိုင်ခြေ ရှိနေသဖြင့် ယခု ကွပ်မျက်မည့် အစီအစဉ်သည် လက်ရှိ အစိုးရအဖွဲ့ သက်တမ်းထက်ပင် ပိုမို ကြန့်ကြာသွားနိုင်ကြောင်း သုံးသပ်ထားကြသည်။
တပ်ကြပ်ကြီး အဆင့်ရှိခဲ့သူ ဟာဆန်သည် ၂၀၀၉ ခုနှစ်က ကာကွယ်ဆေးထိုးရန်နှင့် အာဖဂန်နစ္စတန်သို့ စေလွှတ်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် စစ်သည်များရှိရာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်ကာ "အလ္လာဟ်အက္ကဘာရ်" ဟု ကြွေးကြော်၍ လေဆာပါသည့် ပစ္စတိုသေနတ်ဖြင့် အနီးကပ် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သည် ၁၃ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဟာဆန်သည် ပစ်ခတ်မှု မပြု လုပ်မီ သီတင်းပတ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ပြီး၊ သေနတ် ကျည်ကတ် အမြန်လဲလှယ်ပုံကို လေ့ကျင့်ကာ ကျည်ဆန် ၁၄၆ တောင့်အထိ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
၎င်းက အာဖဂန်နစ္စတန်သို့ သွားရောက်မည့် စစ်သည်များအား ၎င်း၏ မွတ်ဆလင် ညီနောင်များကို မသတ်ဖြတ်နိုင်စေရန် တားဆီးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီး၊ တရားရုံးတွင် ၎င်းကိုယ်တိုင် ခုခံချေပခြင်း မပြုဘဲ ရန်သူ့ဘက်သို့ ကူးပြောင်းသွားသည့် စစ်သည်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။
ဓာတ်ပုံ - AP
#အမေရိကန် #သေဒဏ်စီရင်မှု #MPA
Labels:
Myanmar News
Subscribe to:
Post Comments (Atom)

No comments:
Post a Comment