Saturday, November 17, 2012

ရှော့(ခ်)ရှိသောလှိုင်းထဲမှာ

BY DARK GREEN APPLE ON THURSDAY, OCTOBER 11, 2012 AT 8:45PM 

ပြောပြချင်တယ် ။ ကြားချင်ပါ့မလား စူဇန်ရေ ။

( ဝါသနာကိုအရင်းကနေခံပြီး အဖျားမှာခုတ်ဖြတ်သွန်ချလိုက်တာပေါ့ )
ဒီလိုပါ . . . ကိုယ့်အကြောင်းကို ကိုယ်စွတ်ပြောရရင် နွိုက်(ဇ်)တွေများမှာစိုးရတယ် ။
ကိုယ့်မူရင်းဘဝကရုပ်ဆိုးဆိုးစက်ရုပ်ကြီး ။ မနေနိုင်မထိုင်နိုင်ပဲ သူများတွေကို
လျှောက်ပြမိလို့ ခုတော့ အလုံပိတ်ထားတဲ့သေတ္တာကြီးဖြစ်ရပြန်ပြီ ။


အရေးကြီးတာက အရင်းအနှီးပဲ ။ ဘာကိုရင်းနှီးရမလဲဆိုတော့. . . နေ့စေ့လစေ့ကိုယ်ဝန်သည်ကြီးရဲ့
ညှစ်အားနဲ့ဆင်သရောင်ရှိလိမ့်မယ် ။ ကိုယ်မပြောတတ်ဘူး ။
ပြောတတ်တဲ့လူတွေဆီကဦးနှောက်ကို ဖောက်ပြီးတစ်မျိုး ဖွင့်ပြီးတစ်မျိုး စားတယ် ။
ကိုယ့်မှာက လက်လေးဖက်ရှိတယ် ။ အခန်းနှစ်ခန်းရှိတယ် ။

ကိုယ်ကနည်းနည်းဆိုးတယ် ။ များများသဘောကောင်းတယ် ။ တတ်နိုင်ရင်ကိုယ့်ကိုပတ်ဝန်းကျင်နဲ့
အနည်းဆုံး နှစ်လက်မတော့ ခွာထားပေးပါ ။ ငွေပင်ငွေရင်းကောင်းမှ ငွေသီးငွေဖျားချိုတယ်လို့ကိုယ်မယုံဘူး ။
ကိုယ့်မှာ ယုံကြည်မှုလည်းသိပ်မများဘူး ။ ခေတ်ကြီးကိုက အနေတော်လေးနေမှ စိုပြေမယ်ဆိုတော့ကာ ။
ကိုယ့်ဆက်ရာအက်ရာတွေကို ပတ်တီးအချောကိုင်ပြီးတဲ့နေ့ကိုယ်အစမ်းငုံပြမယ် ။
တကယ်ဆို ကိုယ်ကနားအေးပါးအေးသမား ။ ကိုယ့်အသံကိုအပြင်လူတွေကြားစေချင်တာမဟုတ်ဘူး ။
ဒီ့အတွက်လည်း ကိုယ်သောက်သောက်လဲသုံးဖြုန်းခဲ့ပြီးပြီ ။
ဒါတောင်မှ ကိုယ့်ရင်ခုန်သံလေးတွေလုံခြုံခွင့်မရဘူးဆို သူ့တို့နားတွေကို
ကိုယ့် ဒီမိုဗားရှင်းကြီးနဲ့ ကပ်ဖားရပ်ဖားလိုက်လုပ်ရဦးမယ် ။ ခက်ပါတယ် စူဇန်ရယ် ။

ကိုယ်ကစီးကရက်ကိုကွမ်းစားသလိုသောက်တယ် ။ သူများတွေကိုတော့အငွေ့လည်းမထွက်စေချင်
အစွန်းအထင်းလည်းကင်းစေချင် ။ ဒီလိုနဲ့တဖြည်းဖြည်း ကိုယ့်အရိုးအဆစ်တွေတောင့်တင်းလာခဲ့ရ ။

စစီစဉ်ကတည်းက သိပ်မထင်ထားကြဘူး ။ မိဘနဲ့သားသမီးဆိုတော့ မတတ်သာလို့သာ
ကိုယ့်ကိုတစ်နှစ်အစမ်းငှားရမ်းလိုက်ကြတယ် ။ ကိုယ့်အနေအထားမျိုးဆိုတာ အပိုင်ကန်သွင်းခွင့်ကို
ခိုင်နေအောင်စိုက်ထားတာကအကောင်းဆုံးလေ ။ ဒါပေမယ့်ကွာ . . .  ။
ဖြုတ်ရ ဖျက်ရ နဲ့ မြင်ကွင်းတွေက အလင်းအမှောင်မမျှရင်မမျှသလို ကိုယ်ရေးခြစ်သမျှကို
တစွန်းလေးဝင်တပ်လိုက် တစလေး ဝင်ကပ်လိုက် ။
လူတွေအကြောင်း မူလီတွေအကြောင်း သစ်ပင်ဘဝကိုမေ့သွားတဲ့သစ်သားတွေ အကြောင်း ။
ကိုယ်မကြားချင်မှအဆုံးပဲ စူဇန် ။ စူဇန်လေးလည်း မကြားချင်ရင် အဆုံးထိ နားကိုရစ်လိုက်နော် ။

ကိုယ့်အရည်အချင်းတွေက သူတို့လေ့ကျင်ရုံသက်သက်ထက်တော့ပိုနေပါလိမ့်မယ် ။

ကိုယ့်အရေပြားကိုတစ်လွှာချင်းခွာချပြလိုက်ရင် အလွှာတိုင်းမှာ ငွေရောင်အစအနလေးတွေတွေ့မယ် ။
မောဟိုက်နေတဲ့စိတ်တွေတွေ့မယ် ။ အပူတိုက်ခံထားရတဲ့ ဦးနှောက်ကြီးနှစ်လုံး တစ်လုံးကိုတစ်လုံး
တစ်စက္ကန့်လေးတောင်အလွတ်မပေးပဲ သက်သာရာသက်သာကြောင်းရေစင်သွန်းလောင်းကြတာကို
ကိုယ်အင်တာနက်ထဲထိရှာကြည့်ရတယ် ။ ရှိတော့ရှိတယ် ။ ဒီမှာမရှိဘူးကွယ် . . . ။
ကိုယ့်တို့တိုင်းပြည်ဟာ အနှစ်ငါးဆယ်လောက်နောက်ကျနေတာမှ ဟုတ်ပါလေစ ။

ကိုယ့်အဖျားသွေးကိုတိုင်းကြည့်တိုင်း ပစ္စည်းဖိုးကတစ်မျိုး. . . လက်ခကတစ်မျိုး ။
ပြီး ကိုယ်ရပ်နေတဲ့ ဆွဲအားဟာ လယ်ဗယ်မညီဘူး ။ ဒီတော့ ဟိုနားနည်းနည်း ဒီနားနည်းနည်း ကိုယ်ခိုးရတယ် ။
ခေါင်းတွေလည်းကိုက်တယ် ။ ရေချိန်လည်းကိုက်တယ် ။ ပြီးတော့ ကိုယ်မှာနွေရာသီကိုကြောက်တဲ့ရောဂါရှိတယ် ။
ကိုယ့်ရဲ့မိတ်ဆွေရောင်းရင်းဆိုတာ လဖေ့ရေသောက်ရုံ ယမကာမှီဝဲရုံပါ ။
ကိုယ့်ကိုပေးရတဲ့အဖိုးအခနဲ့ ကိုယ်ပေးရတဲ့အခွန်အခကသိပ်တော့မမျှလှဘူး ။
ယူနီဖောင်းဝတ်ဆို ကိုယ်ရှောင်တယ် ။
ကိုယ်အလွန်ဆုံးပြနိုင်တဲ့အမှတ်အသားဆိုလို့ ကိုယ့်စာမျက်နှာရယ် ကိုယ့်လိပ်စာလေးရယ်ပဲရှိမယ် ။
သိပ်တော့မဝေးလှပါဘူးကွယ် ။ ကိုယ်ဟာ ကားလမ်းနဲ့ ရထားလမ်းနဲ့ လူသွားလမ်းနဲ့ကောင်ပါ ။

ကိုယ့်ဘက်မှာ တွန်းအားပြင်းပြင်းနဲ့ မည်းနက်နေတဲ့ ပါးစပ်ကြီးတွေ အရောင်အသွေးစုံ ငါးရိုးကြီးတွေရှိတယ် ။
ကိုယ့်ရင်ခေါင်းထဲမှာ တိမ်ပြားပြားကြီးတွေ ပန်းချီကားအိအိကြီးတွေလည်း
ချိတ်ပေးထားမှာ ။ ထောင့်မှန်ကျ မှန်ပြတင်း အသေနှစ်ချပ်ကြားထဲ
ကိုယ့်အသံကို ကိုယ်သတ်ပစ်ရဦးမှာ ။ ဒါ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့နည်းစနစ်ဆိုပဲ စူဇန်ရေ ။
သူတို့မှတ်ချက်နဲ့ သူတို့အတတ်မှာ ကိုယ်အနားမရဘူး ။ တစ်ယောက်တည်းနဲ့ နှစ်ယောက်စာ
မျက်စိရဲ့ထောက်ဟာ ပါးပါးချင်း နဲ့လာ ။

ကိုယ့်မှာ တံ ခါး ငါးချပ် ရှိ တယ် ။
ကိုယ်က လေးချပ်ပိုင်တယ် ။ သူကတစ်ချပ်ပိုင်တယ် ။ သူတို့အားလုံးကတော့လာမယ်လို့ပြောကြတယ် ။
သူတို့ပြောတာမလွဲဧကန်အမှန်ဆိုရင်တော့ ဟိုနှစ်ယောက်တော့ အပိုင်ပဲ ။
ဆူညံခြင်းဟာကိုယ့်ရဲ့အောင်မြင်မှုဖြစ်သလို ကိုယ့်ရဲ့အရင်းနှီးဆုံးအန္တရာယ်လည်းဖြစ်တယ် ။
ဒီအိပ်မက်ဟာ ရှစ်နှစ်လောက်ကြာပြီးမှ အိပ်စက်ခွင့်ရတဲ့. . .
ပထမဆုံးအိပ်ရေးလှလှလေးရဲ့. . . အိပ်မက်ဝဝလေးပါ ။ ကိုယ်သုံးနှစ်မကမက်ပြမယ် ။
ကိုယ့်စကားတွေကို ဒီနေ့ကနေစပြီး စီးပွါးရေးဆန်ဆန်အသုံးအနှုန်းတွေ စီသင့်တာစီ တပ်သင့်တာတပ်ပေါ့ ။
ကိုယ့်ကျွမ်းကျင်လိမ္မာမှုဟာ ကိုယ့်အသက်ကို ပိုးမွေးသလိုမွေးပြီး
ကိုယ့်ဝမ်းကို ကောင်းဘွိုင်တွေနွားကျောင်းသလို ကျောင်းကြပါစေ ။

ကိုယ်ပျော်လည်းပျော်တယ်စူဇန် ။ မောလည်းမောတယ် ။
ကိုယ့်ရဲ့သန္ဓေတည်မူဟာ နှစ်ဆယ်ကိုးရက်ထိ ကြာမြင့်ခဲ့ရတယ် ။
ကိုယ့်ရဲ့တည်ဆောက်မှုမှာလည်း သွေးရော ချွေးရော အတွေးရော တွက်ထားတာထက်အထွက်များသွားတယ် ။
နှမ်းဖြူသလိုပြောရရင်တော့ အနံ့အသက်ကောင်းအောင်သုံးလေးရက်တော့ ကိုယ်တံခါးဖွင့်ထားရဦးမယ်လေ ။

ကိုယ်ဟာတစ်ရာတန်ကောင်ပါ စူဇန် ။ မိုးထဲလေထဲမွေးဖွားလာရတဲ့ကောင်ပါ ။
ကိုယ့်အတွက် ပျမ်းမျှ တွေလည်းလိုတယ် ။  အနည်းဆုံးတွေလည်းလိုတယ် ။   
တစ်နှစ်ထဲနဲ့ တစ်ခေတ်လုံးလည်း ခြေဆန့်မိနိုင်တယ် ။
အဲ လောက် ထိတော့ ကိုယ့်အိပ်မက်ကအနေအစား မချောင်လွယ်လောက်ပါဘူးကွယ် ။
အဆိုးဆုံးဖြစ်တောင် သင်္ကေတကောင်းကောင်းတော့ ကိုယ် ရေးခြစ်နိုင်မှာ လို့ ( မျှော်ရတာပဲ ) ။
အင်း. . . ဒီရက်ပိုင်း ရှင်ဘာတွေစားလဲဆိုရင်တော့ . . . ကိုယ် အပေါက်အပြဲမပါတဲ့  စိမ့်ဝင်မှုနည်းတဲ့
အစေ့အဟမရှိသောနံရံများကိုသာ စားသုံးကြောင်းပြောရင်း ကိုယ်ခဏအနားယူလိုက်ဦးမယ် စူဇန် ။
ဪ မေ့လို့ . . . ကိုယ့်အသားအရောင်က အစိမ်းရောင်လေး စူဇန်. . . အစိမ်းရောင်လေး

သတိတရဖြင့် သင်၏ . . . ။       ။

( တေးခက် )

No comments:

Post a Comment