Tuesday, November 26, 2013

သို့ အယ်ဒီနှင့် သံလုံး...မှ ဘုရားသခင်

Khaing Lay April 30, 2010
“ဘုရားသခင်မှာ အီးမေးလ် ရှိသလား”

လက်ဖက်ရည်ဆိုင်ထဲ ရောက်ရောက်ချင်း စည်သူ မေးလိုက်တဲ့ မေးခွန်းကြောင့် ကျွန်တော် မျက်လုံးပြူးသွားသည်။ ကျွန်တော့်ကို ပြုံးစစကြည့်ပြီး စည်သူက သူဖတ်ဖူးတဲ့ ဆရာဒေါက်တာ ခင်မောင်ညိုရဲ့ “ဘုရားသခင်သို့ အီးမေးလ်ပို့ခြင်း” ဆောင်းပါး အကြောင်းကို ပြောပြတယ်။



ဆောင်းပါးမှာ သားငယ် အယ်ဒီက ဖခင်ဖြစ်သူ ဂျက်ဆင်ကို “အဖေ ဘုရားသခင်မှာရော အီးမေးလ် ရှိလား”လို့ မေးတဲ့ မေးခွန်းလေးနဲ့ စထားတယ်။ အင်မတန် စူးစမ်းချင်တဲ့ စိတ်ရှိတဲ့ သားငယ် အယ်ဒီတစ်ယောက် စိတ်ကျေနပ်မှု ရှိအောင် ဖခင်က ပြီးစလွယ် “ရှိတာပေါ့ သားရယ်၊ ဘုရားသခင်ရဲ့ အီးမေးလ်လိပ်စာက god@ heaven.com ပေါ့” လို့ ဖြေလိုက် မိရာကစပြီး အယ်ဒီလေးဟာ သူ့စိတ်ထဲမှာ ရှိတဲ့ ခံစားမှု မှန်သမျှ၊ လိုချင်တာ မှန်သမျှကို ဘုရားသခင်ဆီ အီးမေးလ် ပို့တော့တာပဲတဲ့။ ဒါပေမယ့် ဇာတ်လမ်းက ပြီးမသွားဘူး။

အယ်ဒီ ဘုရားသခင်ကို အီးမေးလ်ပို့ထားတဲ့ စာထဲမှာက “ဘုရားသခင် ကျွန်တော် စာမေးပွဲမှာ အဆင့်ကောင်းကောင်း ရဖို့ ဆုတောင်းပါတယ်။ ဘိုးဘိုးကြီးစင်တာ ခရစ္စမတ်မှာ လာလည်ဖို့ ကြံဆောင်ပေးပါ။ ကျွန်တော့်အတွက် လျှပ်စစ်ရထား တစ်စီးလောက် လက်ဆောင်ပေးဖို့ ဘိုးဘိုးစင်တာကို ပြောပေးပါ။ ကျောင်းမှာ နေမကောင်းဖြစ်နေတဲ့ ကလေးမလေး ပင်စီ ကျန်းမာစေဖို့ ကောင်းချီးပေးတော် မူပါ။ အရှင့်သား အယ်ဒီ”တဲ့။

အယ်ဒီကို ဘုရားသခင်က အီးမေးလ် ပြန်မပို့ခဲ့ဘူးဆိုရင် အယ်ဒီဟာ သူ့အဖေက သူ့ကိုလိမ်တယ်ဆိုပြီး အယုံအကြည် မဲ့သွားနိုင်တယ်။ တိုးတက်နေတဲ့ကာလထဲ ဘုရားသခင်မှာ အီးမေးလ်လေးတောင် မရှိသေးဘူးဆိုပြီး စိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွားနိုင်တယ်။ အဲဒီအကြောင်းအချက်တွေ ကြောင့် ဂျက်ဆင့်ရဲ့ အပေါင်းအဖော် မိုင်ကယ်က ဘုရားသခင်အနေနဲ့ အယ်ဒီ့ဆီ စာပြန်တယ်။

“ချစ်လှစွာသော အယ်ဒီ၊ မင်းကိုငါကြည့်နေတယ်။ ကြိုးစားပါ။ ပင်စီလည်း နေကောင်းသွားမှာပါ။ စင်တာကလော့ ကိုလည်း ငါ တောင်းပန်ပေးလိုက်မယ်။
ချစ်ခင်ရသော ဘုရား သခင်” လို့။
နောက်ပြီး အယ်ဒီလိုချင်တဲ့ ကစားစရာ လျှပ်စစ်ရထားလေးကို စတိုးဆိုင်က၀ယ်ပြီး “ဘုရားသခင်က ပေးပို့သည်”လို့ လိပ်မူတပ်လိုက်တယ်။ နောက်ပိုင်း ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့ အဆင်မပြေတာတွေ၊ စိတ်ခံစားမှုတွေ အကုန်လုံးကို god@ heaven.com ဆီ ပို့ကြတယ်။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စိတ်ဆန္ဒ လိုအပ်ချက်ကို အဲဒီနည်းနဲ့ ကျောင်းကသိရှိပြီး ကျောင်းအနေနဲ့ ကလေးတွေကို စိတ်ကျေနပ်မှု ပေးစေတယ်။ အဲဒီကျောင်းက စံပြကျောင်းကလေး ဖြစ်သွားတယ်တဲ့။

ယနေ့မှာဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေပါမက ပြည်သူ အများစုကပါ god@heaven.com ကို အီးမေးလ် ပို့နေကြပြီတဲ့။ လူအင်အား ၂၅ ဦး ပါဝင်တဲ့ မိုင်ကယ်တို့ အဖွဲ့ဟာ နှစ်ဆိုင်းခွဲပြီး အလုပ် လုပ်နေရပြီတဲ့။

“ဟာ”ခနဲ ဖြစ်သွားတဲ့ အသံတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေတဲ့ လူအားလုံး “ထိုလူ” အပေါ် အာရုံ ရောက်သွားတယ်။ ကောင်တာမှာ တစ်စုံတစ်ခုဝယ်ပြီး ပိုက်ဆံရှင်းဖို့ အိတ်ထဲနှိုက် လိုက်ရာက လက်ကိုင်ပ၀ါနှင့် ရောထွေးပြီး ထောင်တန် အသစ်စက်စက်တစ်အုပ် လက်ဖက်ရည်ဆိုင်နေရာအနှံ့ ပြန့်ကျဲသွားတယ်။ တချို့က “ထိုလူ”ကို ၀ိုင်းကူပြီး ကောက်ပေးကြတယ်။ တချို့ ကတော့ မယုံကြည်မှာစိုးဟန် နဲ့ နေရာက မထကြပါဘူး။

ကျွန်တော်တို့ဝိုင်းကို လက်ဖက်ရည် လာပို့ပြီးသွားတဲ့ သံလုံးကလည်း “ထိုလူ” ကို ရပ်ကြည့်နေတယ်။ တစ်စုံတစ်ရာ အရေးကြီးနေတဲ့ “ထိုလူ”က လက်ထဲစုမိနေတဲ့ ပိုက်ဆံကို ရေတွက်မနေတော့ဘူး။ အိတ်ထဲအမြန်ထိုးထည့်ရင်း ကျေးဇူးတင် စကား ပြောလို့ ဆိုင်ကယ် စက်နှိုးလိုက်တယ်။

အဲဒီအချိန် သံလုံးက ကပျာကယာ ကောင်တာနား ပြေးသွားပြီး ကြမ်းခင်းပျဉ်နဲ့ တစ်ထွာသာသာလောက်သာ ကွာတဲ့ ကောင်တာ ခုံအောက်ကို ၀မ်းလျားထိုးမှောက်ပြီး ကြည့်တယ်။ နောက် တစ်ဆုံး နှိုက်ပြီး လက်ပြန်ထွက်လာတော့ တစ်ထောင်တန် အသစ် စက်စက် နှစ်ရွက်။

သံလုံး ဆိုင်ကယ်ပေါ်က “ထိုလူ”ကို ကပျာကယာ လှမ်းခေါ်တယ်။ ထွက်တော့ မယ့်ဟန်ပြင်နေတဲ့ “ထိုလူ”က သံလုံးကို ပြန်ကြည့်ရင်း မေးဆတ်ပြတယ်။ သံလုံးက လက်ထဲမှာရှိတဲ့ တစ်ထောင်တန်နှစ်ရွက်ကို ရိုရိုသေသေ လှမ်းပေးပြီး ဆိုင်ထဲဝင်လာ လိုက်တယ်။

သံလုံးအပြုအမူ အားလုံးကိုကြည့်နေကြတဲ့ ဆိုင်ထဲကလူတွေက သံလုံးကို တအံ့တသြနဲ့။ တချို့က သံလုံးကို “ငအ”လို့ ထောမနာ ပေးတယ်။ တချို့က လူကြီး၊ လူကောင်းဆန်ဆန် သံလုံးကို ချီးမွမ်းကြတယ်။ သံလုံးမိသားစု အကြောင်းကို အတွင်းသိ၊ အစင်းသိဖြစ်နေတဲ့ လူတစ်ယောက်က သံလုံးကို...

“မင်းကွာ၊ အိမ်မှာ မင်း အဘွားအတွက် ဆေးဖိုးလေး၊ ဓာတ်စာလေး အထောက် အကူပြုရမယ့်ဟာကို ဘာမဟုတ် ရိုးသား ပြချင်သေး တယ်”

သံလုံးကတော့ ဘယ်သူ့ကိုမှ ဘာစကားမှ ပြန်မပြောဘူး။ သူလုပ်စရာ ရှိတဲ့အလုပ်တွေကို ဆက်လုပ် နေလိုက်တာပါပဲ။ သူတို့ ပြောဆိုနေကြတဲ့ သံလုံးဆို တာက ၁၃ နှစ်သာသာ ရှိသေးတဲ့ လက်ဖက်ရည်ဆိုင် စားပွဲထိုးကောင်လေးတစ် ယောက်ပေါ့။ ကျွန်တော်နဲ့ စည်သူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးလိုက် မိကြတယ်။

ထုံးစံထက်ပိုစောပြီး ကျွန်တော်နဲ့ စည်သူ လက်ဖက်ရည်ဆိုင်ကို ထွက်လာလိုက်ကြတယ်။ လက်ဖက်ရည်ဆိုင်ကို အမြန်ရောက်ချင် တဲ့စိတ်နဲ့ တစ်ယောက်ကို တစ်ယောက် ဘာစကားမှတောင် မပြောမိကြဘူး။ တဖြည်းဖြည်း နီးလာတဲ့ အလျောက် ဆိုင်ကို ခပ်လှမ်း လှမ်းက လှမ်းမြင်နေရပြီ။ မနက်စောလွန်းသေးတဲ့ အတွက် ဆိုင်မှာ လူသိပ် မစည်သေးပါဘူး။ ဒါပေမယ့် ကောင်တာမှာ လူလေးငါးယောက် ၀ိုင်းနေတာကိုတော့ လှမ်းမြင်နေရတယ်။ ကျွန်တော် စည်သူ့ကို တစ်ချက်ကြည့်လိုက်တော့ စည်သူက ခေါင်းညိတ်ပြီး ဆက်သွားဖို့ပြောတယ်။

ကျွန်တော်တို့ နှစ်ယောက် ၀င်လာတာကို တောင် ဆိုင်တစ်ဆိုင်လုံး ဘယ်သူမှ သတိမထားမိဘဲ သူတို့ရှေ့မှာရှိတဲ့ ကောင်တာ ပေါ်က တစ်စုံတစ်ရာကိုသာ သဲကြီးမဲကြီး ကြည့်နေကြတယ်။ ကျွန်တော်ရော၊ စည်သူပါ ကောင်တာနားကပ် သွားပြီး အသာအကဲခတ် လိုက်တော့ ကောင်တာပေါ်မှာ စာအိတ်လေးတစ်အိတ်၊ စာအိတ်ပေါ်မှာက“မောင်သံလုံး သို့ ဘုရားသခင်”ဆိုပြီး လိပ်စာတပ်ထားတယ်။ ဆိုင်ရှင့်လက်ထဲမှာက စာရွက်တစ်ရွက်နဲ့ တစ်ထောင်တန် ငါး ရွက်။ သံလုံးကတော့ စိတ် အလိုမကျဟန်နဲ့ မျက်မှောင် ကြီးကုတ်လို့။

စည်သူက ဆိုင်ရှင်ကို ပြုံးရယ်ပြပြီး “ဘာဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ကို လည်း ပြောပါဦး”ဆိုပြီး စပ်စုလိုက်တယ်။ ဆိုင်ရှင်က လက်ထဲမှာ ကိုင်ထားတဲ့ စာ ရွက်လေးကို စည်သူ့ဆီ ထိုးပေးပြီး ဖတ်ကြည့်ပါတော့လို့ ပြောတယ်။ စာထဲမှာက...

“ချစ်လှစွာသော သံလုံးရေ... မင်းကို ငါစောင့်ကြည့် နေမိတာ မင်းရဲ့ရိုးသားမှုကို ငါ တွေ့လိုက်ရတယ်။ မင်းအဘွား ကျန်းမာရေး အတွက် စိတ်မပူပါနဲ့။ အားလုံး အဆင် ပြေသွားမှာပါ။ မင်း ရိုးသားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ငွေငါးထောင် ချီးမြှင့်လိုက်တယ်။ မင်း အရာရာ အဆင်ပြေပါစေ။
ချစ်ရသော ဘုရားသခင်”

စာက ကွန်ပျူတာစာစီနဲ့ သေသေသပ်သပ် ရိုက်ထားတာပါ။ စည်သူက စာရွက်ကလေးကို ကောင်တာပေါ် တင်ရင်း သံလုံးကို ၀မ်းသာအားရဟန်နဲ့...
“မင်းကို ဘုရားသခင်က ဆုချီးမြှင့်တာပဲကွ။ ၀မ်း သာစရာပဲဟေ့”

ဆိုင်ရှင်က စည်သူ့ စကားကို ခေါင်းကုတ်ပြီး...
“အဲဒါ ပြောတာပေါ့ မောင်စည်သူရာ။ တစ်ယောက်ယောက်က စိတ်ကူးယဉ်ဆန်ဆန်နဲ့ တစ်ဖက်လှည့် ပေးတဲ့ပိုက်ဆံကို မင်းကောင် သံလုံးက မယူချင်ပါဘူးတဲ့။ ပိုင်ရှင်ဆီ ပြန်ပို့ပေးပါလို့ နားပူတိုက်နေတယ်ဟေ့”

ကျွန်တော်ရော စည်သူပါ ဆိုင်ရှင့်စကားကြောင့် အံ့ သြ မှင်တက်မိသွားတယ်။ စည်သူက သံလုံးခေါင်းကို အသာပွတ်သပ်ပြီး...
“မင်းက ဘာလို့ မယူ ချင်တာလဲကွ။ မင်းအဘွား အတွက် ဆေးဖိုး အဆင်ပြေ သွားတာပေါ့”လို့ဆိုတော့ သံလုံးက စည်သူ့ကို မကျေမနပ် တစ်ချက်ကြည့်တယ်။ ကျွန်တော်တို့ မလာခင် သူပြောခဲ့ဖူးဟန် ရှိတဲ့စကားကို ထပ်မပြောချင် ပြောချင်နဲ့ပဲ ပြောတယ်။

“ဟာ ကိုစည်သူကလည်း လမ်းထဲမှာ သူများ အကြွေးမပေးဘဲ ကလိမ်ကျပြီး သေသွားတဲ့ ကိုဖိုးလူ အကြောင်းကို မသိဘူးလား။ ခု သူ အကြွေးဆပ်ရမယ့် အိမ်မှာ နွားမကြီး သွားဖြစ်နေတယ်တဲ့။ ကိုဖိုးလူလိုပဲ အဲဒီနွားမကြီးရဲ့လက်မှာ အနာရွတ် အစင်းကြောင်းကြီးက ထင်းလို့။ တစ်လမ်းလုံး သိတယ်။ ကိုယ့်ပိုက်ဆံမဟုတ် ဘဲ သူများ ပိုက်ဆံ အလကား မယူချင်ပါဘူးဗျာ။ မတော် ကိုဖိုးလူလို အကြွေးဆပ်နေရရင် ဘယ်နှယ့်လုပ်မလဲ”

စည်သူက သံလုံး စကားတွေကို သဘောတကျ ခပ်ဟဟ ရယ်ရင်း...

“မင်းနှယ့်ကွာ၊ အတွေး ခေါင်လိုက်တာ။ ဒါက မင်း ကို ချေးတာမှမဟုတ်ဘဲကွ။ မင်းကိုပေးချင်လို့ အပြီးပေး တာပဲဟာ။ ကိုဖိုးလူလို မဖြစ် ပါဘူးကွာ”

သံလုံးက သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်တယ်။

“မသိတော့ဘူးဗျာ။ ကိုယ်လည်း ဘာတစ်ခုမှ လုပ်မပေးရဘဲနဲ့တော့ အဲဒီပိုက်ဆံကို မယူချင်ပါဘူး။ ဘာမှန်း မသိ၊ ညာမှန်းမသိ၊ မတော် အဘွား ပြောသလို ကျွန်တော့်ကို ဘုရား ရိုက်နေမှ ဒုက္ခ။ ကျွန်တော် ဘုရားရိုက်မှာတော့ ကြောက်ပါတယ်ဗျာ”

သူပြောချင်ရာ ပြောပြီး လှစ်ခနဲ ပြေးထွက်သွားတဲ့ သံလုံးကို စည်သူနဲ့ကျွန်တော် ငေးကြောင်ကြည့်နေ မိတယ်။ ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ်နေတာက သံလုံး ပြောသွားတဲ့စကား။

“ဘုရားရိုက်မှာကြောက် တယ်”တဲ့။

Posted by မှူးဆက်ပိုင်

April 30, 2010 ဧပြီလထုတ် ရွှေအမြူတေမဂ္ဂဇင်း၏ ရွှေအသစ်ကဏ္ဍတွင် ဖေါ်ပြခြင်းခံရသော ခိုင်လေးတို့ ရွှေတောင်သားလေး မှူးဆက်ပိုင် (ရွှေတောင်) ၏ စာမူကို ထပ်ဆင့်ကူးယူ ဖေါ်ပြပါသည် ။ 

No comments:

Post a Comment