Saturday, August 3, 2013
" ကျမ အမေ့ကို မကြိုက်ပါဘူး "
အမေက ငယ်ငယ်တုန်းက အရမ်းချောပါတယ်။ရုပ်ရှင်မင်းသမီးဖြစ်ဖို့  ကြိုးစားနေတုန်းအဖေနဲ့ အိမ်ထောင်ကျပြီး အဖေတာဝန်ကျတဲ့နောက် လိုက် လာရလို့ သာ စိတ်လျှော့ လိုက်တာတဲ့ ။ ဒီစကားတွေက အမေ ကတတွတ်တွတ်ပြောနေတာအိပ်ယာဝင်ပုံပြင်လိုအမြဲကြားနေကျလေ။
အမေက တစ်ခုခုဆို အဲဒီလိုအပ်ကြောင်းထပ်အောင်ပြောတတ်တာလည်းကျမမကြိုက်ဘူး... အေးချမ်းသိမ်မွေ့ တဲ့ အမေမျိုးကိုလိုချင်တဲ့ကျမကပူညံပူညံလုပ်တဲ့ အမေ့ ကိုမကြိုက်ပါ။
နောက်ပြီး အမေ က လှလည်းလှ ပြီး အလှလည်းပြင်ပါတယ်။ကျမက အလယ် တန်းလောက် ကတည်းက စာအုပ်တွေရှိနေရင် ထမင်းမေ့ ဟင်းမေ့  ဖတ်နေတတ်ပြီးကျန်တာ ဘာမှ စိတ်မ၀င်စားတတ်သူလေ။
ကျမ မပြင်မဆင်၊ဘိုသီဘတ်သီ နေတာကို အမေက ဆူပြီး သပ်သပ်ယပ်ယပ်နေတတ် တဲ့  ညီမလေးနဲ့  ယှဉ်ပြီးပြောတာကိုလည်း ကျမအမေ့ ကို မကြိုက်ပါဘူး။ အမေကသူ့ စကားနားထောင်တဲ့ ညီမလေး ကိုပဲပိုချစ်တယ်လို့ ခံစားရပါတယ်။
ကျမညီမကတော့ တီတီတာတာနဲ့  အမေ့ အကြိုက် လိုက်ပြောတတ်တာကိုး။ ကျမက စကားပြောရင်ဘုနဲ့ဘောက်လေ။ မိန်းကလေး ဖြစ်ပြီးသိပ်အပေါက်ဆိုးတာပဲလို့ အမေ ပြောရင်လည်းကျမ မကြိုက်ပါဘူး။
အမေ က စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်ပါတယ်။
ဥပမာ--တစ်ယောက်ယောက်က စားပြီးပြီလားလို့ မေးရင် အမေသူများတွေလို စားပြီးပြီလို့  တစ်ခွန်းတည်းဖြေတာမဟုတ်ပါဘူး။ "ဒီနေ့ လေ သိပ်စားကောင်းတာပဲ၊ ကြက်သားဆီပြန်လေးနဲ့  ငါးဖယ်သုတ်၊ငါးနဲ့ ချဉ်ပေါင်ရွက် နုနုလေးမွှေပြီး ငရုတ်သီးထောင်းလေး နဲ့  ပေါ်ဦးပေါ်ဖျား ဒညင်းသီးနုနုလည်းပါသေးတယ်။စားပြီးတော့ တောင်ငူသီမွှေးမွှေး လေး အချိုတည်းလာတာ ညီမရေ" ... အဲဒီလိုဖြေတော့ ကိုယ်ဟင်းကောင်းစားတာကြွား သလို ဖြစ်နေတာမို့  ကျမကရှက်ပါတယ်။
အမေကလည်း စားပြီးပြီဆို ပြီးတာပဲ၊ကိုယ်ဟင်းကောင်းတာတွေ လိုက်ပြောနေတာ ရှက်စရာကြီး လို့ပြောရင်လည်း ..." အော်ဘာဖြစ်လည်းသမီးရဲ့  ညာပြောတာမှမဟုတ်တာ၊ ကိုယ်စားလို့စားတာပြောတာပဲ "...တဲ့ 
နောက်ပြီး အိမ်မှာ ပစ္စည်းအသစ်တခုခုဝယ်ရင်လည်း အမေက လူတကာတွေ့ တာနဲ့ပြောတာပဲ။
"ဟေး၊ မကြည်ရေ အမ တို့အိမ်မှာ ရေခဲသေတ္တာဝယ်ထားတယ် သိလား၊ နွေဆိုပူလာပြီလေ -ရေပူပူကြီးမသောက်ချင်ဘူး၊ညည်းလဲရေခဲရေ သောက်ချင် လာသောက် နော်"
ဒီလို ပြောရင်လည်း ကျမနဲ့ အမေ ပြသနာတက်ပြီ...။
"အမေကလည်း လူတကာကို ကိုယ့်ပစ္စည်းဝယ်တဲ့ အကြောင်းတွေ လိုက်ပြောနေတာပဲ"
"ဟဲ့ -ဘာဖြစ်လဲ၊ သိတော့ သူ တောင်ရေခဲရေလာသောက်လို့ရတာပေါ့"
စေတနာနဲ့ ပြောတာပဲဖြစ်ဖြစ် အဲဒီလို ကိုယ့်အကြောင်းတွေအကုန်ပြောတဲ့  အမေ့ကိုကျမ မကြိုက်ပါဘူး။
နောက်ပြီး အမေက စိတ်မညစ်တတ်ပါဘူး။ အပူအပင်လည်း မရှိဘူး လို့ ကျမမြင်တယ်။ အဖေ ကအရာရှိအလုပ်ကထွက်ပြီး သစ်လုပ်ငန်းလည်း ရှုံး၊စီးပွားပျက်တဲ့ အချိန်မှာကျမက ရန်ကုန်မှာအလုပ်ဝင်ခါစ ၊ မောင်လေးကကိုးတန်းပဲရှိပါသေးတယ်။ ကျမမှာ ရသမျှ လစာလေးထဲက မောင်လေး အတွက် တတ်နိုင်သမျှ ထောက်ပံ့ နေပေမယ့်  မလောက် ရင် မောင်လေး ပညာရေး ရှေ့ မဆက်နိုင်မှာ စိုးလို့ အမြဲ ပူပင်နေရပါတယ်။ အိမ်က ပစ္စည်းတွေ တဖြည်းဖြည်းကုန်လာပြီး ဘာမှမရှိတော့ပေမယ့်  အမေ့ကြည့်ရတာမပူသလိုပဲ။
အဲဒီအချိန်မှာ ညီမ လည်းအိမ်ထောင်နဲ့ အဝေးရောက်နေပြီး ကျမနဲ့  အမေလည်း တည့် နေပါပြီ။ ဒါပေမယ့်  အမေ့ ကို ကျမ ပြောနေရတုန်းပဲ။ကျမအိမ်ပြန်သွားရင် အမေကငါ့ သမီးပြန်လာပြီ၊ အဆောင် မှာခြွေတာစားနေရတယ်ဆိုပြီး မရှိ၊ရှိတာချက်ကျွေးတာပဲ။ ကျမမှာ အမေ ဟင်းကောင်းချက်ကျွေးတာတောင် မြိုမကျနိုင်ဘဲ ခြွေတာဖို့ ပြောမိပြန်တယ်။
"အေးပါ၊ အမေ သိပါတယ်။ သမီးက အမေတို့ကိုပိုက်ဆံပို့ နိုင်ဖို့  မစားမသောက်နေမယ် ဆိုတာသိလို့ လာတဲ့အချိန်လေး ကောင်းကောင်း ချက်ကျွေးတာ ကို ဘာမှမတွေးဘဲ စားသာစားပါ"
အမေ ကဘယ်လောက်ပြောပြောကျမကတော့ မြိုမကျပါဘူး။ဒီလောက် ကြပ်တည်းနေ တာတောင် အပူအပင်မရှိသလို ကောင်းကောင်းချက်စားနေလို့ ကျမအမေ့ ကိုမကြိုက်ပါဘူး။
အမေ ကျမအဆောင်လာလည်ရင်လည်း ကျမမှာ အမေ့ကိုကလေးထိန်း သလို လိုက်ထိန်းနေရပါတယ်။
"အမေနော်--အဆောင်မှာက ဟန်နဲ့ နေကြတာကိုယ်မပြေလည်တာတွေ လူတကာ လိုက်မပြောနဲ့နော် ..နောက်ပြီး အမျိုးအိမ်တွေလည်း မပြေလည်လို့ ဆိုပြီး အကူအညီလိုက်မတောင်းနဲ့နော် "
"အော်--ဘာဖြစ်လည်းသမီးရယ်-ကိုယ်ဒုက္ခရောက်တာပြောမှ အကူအညီ လိုရင်တောင်းလို့ ရမှာပေါ့ ညည်းကလည်း မာနကမချနိုင်သေးဘူး၊ လူ့ အောက်ကျလို့ မသေနိုင်ပါဘူး၊ပိုက်ဆံမရှိတာရှက်စရာလား"
ကျမကကိုယ့် ကိုယ်ကျင့် တရားနဲ့ မာနကိုပဲအားကိုးပြီးကြိုးစားရုန်းကန်ချင်တဲ့သူ၊သူများအကူ အညီ လုံးဝ မယူချင်တဲ့ သူ၊ အမေကတော့ကိုယ့်မိသားစု ပြေလည်ရင်ပြီးရောဆိုပြီး သူများကို အောက်ကျို့ တတ်သူ။
နောက်ပြီးတစ်သက်လုံး အရာရှိကတော် ဘ၀ မှာအခြွေအရံအပြည့်နဲ့ နေခဲ့ တဲ့ အမေ က တခြားအလုပ်လည်းမလုပ်တတ်ဘဲ အရင်ကိုယ်ကူညီပေးခဲ့ဖူး တဲ့ အမျိုးတွေဆီကလိုက် အကူအညီတောင်းပါတယ်။ ဒီလို ကိုယ့်အားကိုယ်မကိုးဘဲ လူတကာလိုက်အောက်ကျနေ လို့  ကျမ အမေ့ ကို မကြိုက်ပါဘူး။
အမေ့ ကို အရာရာ စိတ်တိုင်းမကျ ၊ မကြိုက်ပေမယ့်  ကျမ အမေ့ ကိုအရမ်း ချစ်ပါတယ်။ ကျမဘ၀မှာ ကြိုးစားရုန်းကန်နေတာ အမေ့ကို အရင်လို ဘ၀မျိုးပြန်ထားချင်လို့ ပါ။
အိုဇာတာမကောင်းဘဲအသက်ကြီးမှကောင်းကောင်းမနေရတဲ့  အမေ့ ကို သနားပါတယ်။ အမေ့ ကိုအရင်အရာရှိကတော်ဘ၀ကလို အလှတွေပြင်၊ ဈေးဝယ်တွေထွက်၊ ပစ္စည်းအသစ် အဆန်းတွေ ပေါ်သမျှ ကို ၀ယ်ပြီး လူတကာခေါ်ကြွားနေတာကိုပဲမြင်ချင်ပါတယ်။ အရင်လိုပဲ စားပြီးပြီလား လို့ မေးတဲ့ သူတွေကို ဟင်းကောင်းလေးတွေနဲ့ စားခဲ့တာကို ဖွယ်ဖွယ်ရာရာပြောပြနေတာကိုကြားချင်ပါတယ်။
ရင်ထဲကစေတနာတွေ နဲ့ ကြိုးစားနေပေမယ့်  အလုပ်ပင်ပန်းလို့ ကျမ အမေ့ ကို စကားကောင်းကောင်း မပြောနိုင်ပါဘူး။
အလုပ်အဆင်မပြေတာတွေများလာရင်လည်း ကျမ ရဲ့ စိတ်ထွက်ပေါက်ဟာ
အမေ ဖြစ်သွားတတ်ပြီး အမေ ဟင်းတွေ အများကြီးပိုချက်လို့ ၊ဆီကို လိုတာ ထက် ပိုထည့် ထားလို့  ၊ အ၀တ်အစားတွေအကြွေးလာရောင်းတာ ၀ယ်ထား လို့ ဆိုပြီး အမေ့ ကိုပြောဆိုမိပါတယ်။
သူဌေးအဆူခံရတဲ့ အချိန် ၊အလုပ်ထဲမှာ မတရားအပြောခံရပေ မယ့်  ပြန်ပြောရင်အလုပ်ပြုတ် မှာကြောက်လို့ ငြိမ်ခံလာရတဲ့ နေ့ တွေဆို ကျမ အိမ်မှာသောင်းကျန်းတတ်ပါတယ်။
"သမီးရယ် ၊သိပ်စိတ်ဆင်းရဲနေလည်းဒီအလုပ်က ထွက်လိုက်ပါလား၊အမေတို့  ငတ်တော့မသေနိုင်ပါဘူး"...လို့  နားချရင်လည်းအပူအပင်မရှိလက်လွတ်
စပါယ်ပြောတယ်လို့  ထင်ပြီး ကျမ အမေ့ကိုမကြိုက်ပါဘူး။
အမေက သူ့ ကျန်းမာရေးကိုလည်းသိပ်ဂရုမစိုက်ပါဘူး။ဒါကိုလည်း ကျမ မကြိုက်ပါဘူး။ ကလေးလိုပဲ မတည့်တာလည်း စားတာပါပဲ။ အစားအသောက်ဆိုလည်း အဆီအဆိမ့်မှကြိုက် ပါတယ်။ ကျမကလည်း အိပ်ချိန်ပဲ အိမ်မှာနေရလို့ အမေ့ ကို ပစ်ထားသလို ဖြစ်သွားပါတယ်။ ကျမစိတ်ထဲမှာအမေဟာကျမအလုပ်အကိုင်တွေ အဆင်ပြေပြီး ပြည့်စုံ လာတဲ့ အချိန်အထိ၊ ကျမသူ့ ကိုအရင်လိုဘ၀မျိုး ထားနိုင်တဲ့အချိန်အထိကျန်းကျန်းမာမာနဲ့ စောင့်နေမယ် ပဲထင် မိတာကိုး။မမြဲတဲ့ သင်္ခါရ တရားဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့  ထင်နေတာလေ။
ဒါပေမယ့်  မရဏမင်း ဆိုတာ ဘယ်သူ့  မျက်နှာမှမကြည့်ဘဲ သူ့ အလုပ်သူ လုပ်နေတာကိုး။ သူ ဒီလိုမျိုး အေ မ့ကို စောစောစီးစီး ခေါ်သွားမယ်လို့ မှ ကျမလုံးဝကို ထင်မထားပါ။
အမေ ဆုံးတဲ့နေ့ က ကျမ အမေ့ အသက်ကိုမမှီပါဘူး။
မနက်ဘက် အလုပ်သွားခါနီး အမေက အိပ်ယာထဲကနေ ခေါင်းမူးလိုက်တာ လို့  ကျမကို အားကိုးတကြီးပြောနေပေမယ့်  အလုပ်ကလည်း အရေးကြီးနေတော့  အမေ့ကို ဆေးသောက် လိုက် လေ လို့ ပြောပြီးကျမ အလုပ်ထွက်လာခဲ့တာပါ။ အရင်လည်း အမေ က ဒီလို မူးတတ်တော့ သက်သာသွားမှာပဲလို့  ပေါ့ပေါ့ ပဲတွေးလိုက်ပါတယ်။
နေ့ ခင်း ရုံးကိုဖုန်း ဆက်ခေါ်လို့  ကျမ အိမ်ပြန်ရောက်သွားတဲ့အခါ အေ မ့ရဲ အသက်မဲ့  ရုပ်အလောင်းကိုပဲတွေ့ လိုက်ရပါတယ်။
ကျမ လေ ဘယ်လို ဖြစ်သွားမှန်းမသိပါဘူး။လူကအံ့သြလွန်းလို့ ကြောင်နေပြီးတော်တော် နဲ့ မငိုမိဘူး။
ဟုတ်ရဲ့ လား ... ဒါ တစ်ကယ့် အဖြစ်လားဟင်
အမေ သေသွားပြီတဲ့  ၊ မနေ့ ညကပဲ ကျမနဲ့  ပွစိပွစိ ရန်ဖြစ်စကားများ ခဲ့သေးတယ်။ မနက်ကအလုပ်မသွားခင်ကတောင် ကျမကို စကားပြောခဲ့တဲ့  အမေ က ခု အသက် မရှိတော့ဘူးတဲ့ ။
မနက်ကတည်းကခေါင်း မူးနေလို့ အဖေက ဆေးခန်းသွားမလားဆိုတာကို ချက်ပြုတ်ပြီးမှ သွားမယ်ဆိုပြီး မီးဖိုချောင်ဝင်သတဲ့ ။ ချက်ပြီးပြီးချင်းအိုက်တယ်ဆိုပြီး ချက်ချင်း ရေချိုး မလို့ အဆင်းမှာ လဲကျသွားတာတဲ့။ ဆရာဝန်သွားခေါ်ပေမယ့်  အသက်မမှီတော့ဘူးတဲ့ ။ ဦးနှောက်သွေးကြောပြတ်သွားတာတဲ့ ။
ဖြစ်မှဖြစ်ရလေအမေ ရယ် ...
ခေါင်းမူးတာ ၊ကိုယ်နေမကောင်းတာ ကိုယ်အသိဆုံးကို ဘာလို့  ဆေးခန်း ချက်ချင်း မသွားတာလဲ ယောင်္ကျားနဲ့ သားသမီးတွေ စားဖို့ ထမင်းဟင်း ချက် တာ ကတော်တော် အရေးကြီးနေလား၊
ခုတော့ အမေ က သမီးကို ထားခဲ့တာပေါ့ လေ။
သမီး မျှော်လင့်ချက်တွေ ကို သဲထဲရေသွန်ဖြစ်အောင် အမေ လုပ်ရက်တယ်။
အမေဟာ သိပ်ရက်စက်တယ်။ အမြဲတမ်းသမီးမကြိုက်တာတွေပဲလုပ်တယ်။
အမေ့အတွက် ကိုယ်ရောစိတ်ပါ နှစ်ပြီးကြိုးစားနေတဲ့ သမီးကို အမေ က ဒီလို လွယ်လွယ်လေး ပဲနုတ်မဆက်ဘဲခွဲ ခွာသွားတာပေါ့ 
အမေ ဒီလို လုပ်တာ သမီးမကြိုက်ဘူးနော်
အမေ ... အမေ ... အမေ
-----------------------------------------------------------
တကယ်ပဲနောက်ဆုံးထွက်သက်အထိ အမေ့လုပ်ရပ်ကို ကျမမကြိုက်ခဲ့ပါဘူး... ။
ကျမကို တစိမ့်စိမ့်  ခံစားကြေကွဲရအောင် အမေ လုပ်ခဲ့တယ်။
ဒီနှစ် ၈ လပိုင်း ၂၀ ရက်နေ့ ဆို အမေ ဆုံးတာ ၁၀ နှစ်ပြည့်တော့မယ်။ ခုထိ အမေ့ အကြောင်းတွေးရင် ကျမ ခံစားနေရဆဲပါ။
နောက်ပြီး အမေ မရှိတော့တဲ့  ၁၀ နှစ်တာ အချိန်အတွင်းမှာ ကျမဟာ ဘာလို့ များ အမေ နဲ့ တူတူလာရတာလဲပဲ... ။
အလှပြင်တာမကြိုက်တဲ့  ကျမ ခု အလှပြင်တတ်လာတယ်....။
အမေ့ ကို ကြွားတယ်လို့ ကဲ့ရဲ့ တတ်တဲ့ ကျမကကိုယ်အောင်မြင်လာတာလူတကာကို လိုက်ပြောချင်လာတယ်....။
အမေ့ကို ပါးစပ်ဖွာတယ်လို့ ကဲ့ရဲ့တတ်တဲ့ ကျမကကိုယ့်အိမ်မှာ အပ်ကျတာ ကအစ မိတ်ဆွေသူငယ်ချင်းတွေ ကိုပြောလိုက်ရမှ စားဝင်အိပ်ပျော် လာတယ်...။
မာန မရှိဘူးလို့ အမေ့ ကို ကဲ့ရဲ့ခဲ့တဲ့ ကျမက ကိုယ်ပိုင်ဆိုင်တဲ့ နေရာလေး တစ်ခုအတွက် ကိုယ့်မာနကို လက်သည်းဖွက်ရင်း အံကြိတ်မြိုသိပ်ပြီး သည်းခံ အောက်ကျနေရတယ်... ။
လက်ဖွာတယ်လို့ အမေ့ ကိုကဲ့ရဲ့ တတ်တဲ့ ကျမက စိတ်အလိုလိုက် စားသောက် ၊၀ယ်ခြမ်းပစ် တတ်ပြီး လစာဘယ်လောက်ကောင်းလာပစေ လက်ထဲမှာအမြဲ ငွေပြတ်နေတတ်တယ်။
ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်လို့ အမေ့ ကို ကဲ့ရဲ့ ခဲ့တဲ့ ကျမက ခု နေမကောင်းမှန်းသိရဲ့သားနဲ့  ညလုံးပေါက်နီးပါး ကွန်ပြူတာရှေ့ က မထလို့  ခုရောဂါရနေပါပြီ... ။
နောက်ဆုံးတော့ အမေ့ ရဲ့ ပုံရိပ်ဟာ ကျမဖြစ်လာပါပေါ့ လား။
ဘာပဲဖြစ်ဖြစ် ကျမ အမေ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ပါဘူး။
(ခံစားနားလည်နိုင်ပါစေ)
မေတ္တာမွန်ဖြင့်
ကြာဖြူနွယ်
Labels:
Tale
Subscribe to:
Post Comments (Atom)
No comments:
Post a Comment